Skip to main content

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို ဘောလခဲမြို့နယ် (၂၅) ကုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဘောလခဲ  မတ် ၅

မြန်မာ့တိုင်းရင်းဆေးပညာရပ်သည် မြန်မာ့ရေမြေ သဘာဝ၊ ရာသီဥတု၊ မြန်မာ့ရိုးရာ အတွေးအခေါ်အယူ အဆ၊ လူနေမှုစနစ်တို့နှင့် အပြန်အလှန် အကျိုးပြု ယှဉ်တွဲ ဖြစ်ပေါ်လာခဲ့သည့် မြန်မာ့တိုင်းရင်းဆေးရိုး ရာပညာသည် မြန်မာ့လူမှု အဖွဲ့အစည်းတစ်ခုလုံး ကျန်းမာကြံ့ခိုင် အောင် သမိုင်းအစဉ်အဆက် စောင့်ရှောက်မြှင့်တင်ပေးလာခဲ့သော အစွမ်းထက်မြက်သည့် မြန်မာ့ဆေးပညာရပ်တစ်ရပ် ဖြစ်ရာ တိုင်းရင်းဆေး ပညာရပ်များဖြင့် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး အတွက် ဘောလခဲ မြို့နယ် (၂၅)ကုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲက ကယားပိုင်းရပ်ကွက်မြောက်ဘက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ဘောလခဲမြို့ (၂၅)ကုတင်ဆံ့တိုင်းရင်း ဆေးရုံအား ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စည်ပင် သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့်  ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ဆေးရုံကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြကာ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့သည် ဘောလခဲ မြို့နယ်ရှိ ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများအား တတ်နိုင်သည့် ကဏ္ဍများမှ ပံ့ပိုးပေးနိုင်ရေးအတွက် တိုင်းရင်းဆေးရုံသစ်ကို ဖွင့်လှစ်ပေးနိုင်၍ ကြည်နူးမိပါကြောင်း၊ မြန်မာ့ရိုးရာ တိုင်းရင်းဆေး ပညာသည် လူသားများ ပေါက်ဖွားလာမှုနှင့်အတူ ပေါ်ပေါက်လာသည့် ပညာရပ်ဖြစ်ပြီး၊ ရှေးပဝေသဏီကပင် ဖြစ်ပေါ်လာခဲ့ပြီး၊ လူနေထိုင်မှုစနစ်တို့ဖြင့် အပြန်အလှန်အကျိုးပြု ပေါ်ထွက်ထာခဲ့ သည့် မြန်မာ့ရိုးရာ ဆေးပညာရပ်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ယနေ့အခမ်းအနားသည် အစိုးရတစ်ရပ်အနေနှင့် ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် အခြားသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင်လည်း စည်းလုံးညီညွတ်ကြရန် လိုပါကြောင်း၊ ယင်းအတွက် နိုင်ငံရေးအတွေး၊ အသိ၊ အမြင်များ ရှိရန် လိုပါကြောင်း၊  ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများကို အကောင်းဆုံးပေးနိုင်ပြီး ပြည်သူများအနေနှင့်လည်း ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံး ဖြစ်အောင် ပါဝင်ဆောင်ရွက်စေလို ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးမှ ဘောလခဲမြို့နယ် (၂၅) ကုတင်ဆံ့ တိုင်းရင်း ဆေးရုံ ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဘောလခဲမြို့ ဒေသခံရပ်မိရပ်ဖ တစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့ (၄) ဖွဲ့အား ဂုဏ်ပြုဆုငွေကျပ် (၄)သိန်းနှင့် ဘောလခဲမြို့နယ် တိုင်းရင်းဆေးရုံ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် အတွက် ငွေကျပ်(၄၅)သိန်းအား ထောက်ပံ့ ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများသည် တိုင်းရင်းဆေးရုံအတွင်းသို့ လှည့်လည်ကြည့်ရှုအား‌ပေးသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်း ဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘောလခဲမြို့နယ်မှ တိုင်းရင်းသားမိဘပြည်သူများနှင့် ဖိတ်ကြားထားသူများ စုံလင်စွာ တက်ရောက် ခဲ့ကြောင်း သိရသည်။

ဖိုးရယ်