Skip to main content

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင် ဘားအံတက္ကသိုလ် မဟာသင်္ကြန်အကြို ရေသဘင်ပွဲတော်သို့ တက်ရောက်

ဘားအံ မတ် ၅

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှဦးစီး၍ တတိယအကြိမ်မြောက် ဘားအံတက္ကသိုလ်ရေသဘင်ပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ပရဝဏ်အတွင်း၌ကျင်းပရာ ဘာသာရပ်ပေါင်းစုံမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

တတိယအကြိမ် ဘားအံတက္ကသိုလ်ရေသဘင်ပွဲတော်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းမြင့်၊ ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မောင်ထက်အောင်ဆန်းနှင့် ချစ်သူမြိုင် အပန်းဖြေဥယာဉ်တာဝန်ခံ စောပါလဝိတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး ဘားအံတက္ကသိုလ်မှ သင်္ကြန်သမီးပျိုးလေးများက မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် စုပေါင်းသီဆိုကပြဖျော်ဖြေခဲ့ကြသည်။

ယခုကဲ့သို့ ရေသဘင်ပွဲတော်ကို ကျင်းပခွင့်ရသည့်အတွက် မေဂျာများမှ ကျောင်းသား၊ ကျောင်းသူများ စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကိုရစေကြောင်း၊ အသင်းအဖွဲ့အနေဖြင့် လုပ်ဆောင်တတ်လာကြောင်း၊ တစ်ဦးချင်း အရည်အချင်း၊ ကိုယ်ရေကိုယ်သွေးများကိုလည်း မြှင့်တက် လာစေကြောင်း၊ အခြေခံပညာအဆင့်ကျောင်းများတွင် စာသင်နှစ် တစ်နှစ်ပြီးဆုံးလျှင် ပျော်ပွဲရွှင်ပွဲအနေဖြင့် ရေပက်ကစားကြ၊ နှုတ်ဆက်ကြသကဲ့သို့ တက္ကသိုလ်ပညာရေးအဆင့်သို့ ရောက်လာသည့်အခါ ရေသဘင်ပွဲတော်ဟူ၍ ကျင်းပခြင်းဖြစ်ကြောင်း ဘားအံတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောသည်။

ဘားအံတက္ကသိုလ်ရေသဘင်ပွဲတော်တွင် ဧည့်ခံကျွေးမွေးရေး စတုဒိသာမဏ္ဍပ်များဖြင့် မုန့်လုံးရေပေါ်၊ သာကူပြုတ်၊ ရွှေရင်အေး၊ သင်္ကြန်ထမင်းအစရှိသည့် မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး  သင်္ကြန်ယိမ်းအက၊ သံချပ်၊ တပင်တိုင် အကများဖြင့် သင်္ကြန်ပွဲတော်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)