Skip to main content

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် ဝါးခယ်မမြို့နယ်တွင်ကျင်းပသည့် ကျောင်းပြင်ပမူလတန်း ပညာရေး(NFPE) ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေနှင့် စာရေးကိရိယာပစ္စည်းများ ပေးအပ်ပွဲသို့ တက်ရောက်

ဝါးခယ်မ မတ် ၅

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် လှေကျင်းရပ်ကွက် မဟာဓမိကာရုံကျောင်းတိုက်တွင် ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်သော ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေနှင့် စာရေးကိရိယာ ပစ္စည်းများပေးအပ်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားရာတွင် ဝါးခယ်မမြို့နယ်မှာ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရရှိသူများ ပညာဆက်လက်သင်ကြားနိုင်ပြီး ဘဝရပ်တည်အာမခံချက် ရရှိရပ်တည်နိုင်ရန်နှင့် စာမတတ်သူဦးရေ လျော့နည်းပပျောက် စေရေးအတွက် အစီအမံလမ်းညွှန်ချက်များကို အောင်မြင်အောင်ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည့်အတွက် အထူးဝမ်းမြောက်မိပါကြောင်း၊ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE)  နှင့်ပတ်သက်ပြီး ၂၀၁၅ ခုနှစ် အမျိုးသားပညာရေးကို ပြင်ဆင်တဲ့ဥပဒေမှာ ကျောင်းပြင်ပ ပညာရေးကို ဖော်ညွှန်း ထားပါကြောင်း၊ ယခုအခါ ပညာသင်ယူသူများ အတွက် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ကျောင်းပြင်ပနဲ့ တစ်သက်တာ ပညာရေးဦးစီးဌာနကို ၂၀၁၆ ခုနှစ်တွင် အသစ်ဖွင့်လှစ်ပြီး ဖြစ်ပါကြောင်း၊ ကျောင်းပြင်ပ မူလတန်းပညာရေး NFPE ကိုလည်း ပိုမိုကျယ်ပြန့်စွာ ဆက်လက်ဆောင်ရွက် သွားနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆောင်ရွက်နိုင်အောင်လည်း မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များမှ ပံ့ပိုးကူညီပေးဖို့ တိုက်တွန်းလိုပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် ဝါးခယ်မမြို့နယ် ကျောင်းပြင်ပမူလတန်းပညာရေး ကြီးကြပ်ရေးမှူး ဆရာဦးကြည်ဝင်းက မြို့နယ်အတွင်း ကျောင်းပြင်ပ မူလတန်းပညာရေး အခြေစိုက်စခန်းများ အနေဖြင့် လှေကျင်းကျေးရွာ မူလွန်ကျောင်း၊ ခမောက်စုကျေးရွာ အ.မ.က ကျောင်းနှင့် သံကြိုးတိုင် ရပ်ကွက် မူလွန်တိုးချဲ့ ကျောင်းများတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ ကျောင်းသား ဦးရေ အနေဖြင့် level 1 တွင် ၂၂ ဦး၊ level 2 တွင် ၂၅ ဦး သင်ယူလျက်ရှိကြောင်းနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက ကျောင်းပြင်ပ မူလတန်းပညာရေး ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေနှင့် စာရေးကိရိယာပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)