Skip to main content

ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၌ ကျင်းပသည့်(၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်ဖွင့်လှစ်

ဝါးခယ်မ မတ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်သော (၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဖွင့်ပွဲသို့ ကြွရောက်တော်မူလာကြကုန်သော သြဝါဒါစရိယ ဆရာတော် အရှင်သူမြတ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း / ခရိုင် / မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အနယ်နယ်အရပ်ရပ်မှ ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် (၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးသန်းထွန်း၊ တိုင်းဒေသကြီး  လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစန်းထွေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး သြဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများက သစ်ကနက်စစ်နတ်သစ် ရုပ်ပွားတော် အရှင်သူမြတ်၊ ဇမ္ဗုပတိရုပ်ပွားတော် အရှင်သူမြတ်နှင့် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ်တို့အား ဂန္ဓကုဋိတိုက်တော်မှ အပူဇော်ခံမည့် ရွှေကျောင်းတော်ပေါ်သို့ လက်ယာရစ် ခုနှစ်ပတ်ပတ်ကာ ပင်ဆောင်ပူဇော်ခဲ့ကြသည်။

အဆိုပါ  ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၏ ကျက်သရေဆောင် အတုလ ဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၁၂ ရက်မှ တပေါင်းလပြည့်ကျော် ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ပြီး တရားပွဲများ၊ ဇာတ်သဘင်များ၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပကာ အနယ်အနယ် အရပ်ရပ်မှ ဘုရားဖူးများက ကား၊ ဆိုင်ကယ်၊ စက်လှေများဖြင့် လာရောက်ဖူးမျှော် ကြည်ညိုကြကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)