နေပြည်တော် မတ် ၅
စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ ဒုတိယအကြိမ် သုတေသနစာတမ်း ဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က စိုက်ပျိုးရေးသုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်လာစေရေး အပြင် တဖက်မှလည်း သဘာဝအရင်းအမြစ်များဖြစ်သည့် ရေ၊ မြေ၊ ရာသီဥတု၊ သဘာဝ ပတ်ဝန်းကျင်တို့နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့နိုင်မည့် စိုက်ပျိုးရေး လုပ်ငန်းများ ဖော်ထုတ်ပေးနိုင်ရေး၊ သုတေသနရလဒ်များကို တောင်သူများ လက်တွေ့ အသုံးချနိုင်သည့် နည်းပညာအဖြစ် ပြောင်းလဲဖြန့်ဝေပေးနိုင်ရေး လုပ်ငန်းများကို သက်ဆိုင်သူအားလုံး တို့က ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း က စာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် သုတေသနလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာရန် သုတေသနရန်ပုံငွေကို တိုးမြှင့်ပေးခြင်း၊ အဆင့်မြင့် ဓါတ်ခွဲခန်း အသုံးအဆောင် ကိရိယာများ၊ အဆောက်အဦများကို ဖြည့်ဆည်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ တစ်ဖက်မှလည်း စွမ်းဆောင်ရည်မြင့်မားရေး အတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ကာလတို၊ ကာလရှည် သင်တန်းများ စေလွှတ်ပေးခြင်း၊ မဟာသိပ္ပံနှင့် ပါရဂူသင်တန်းများ စေလွှတ်ပေးခြင်း၊ ပညာသင်ထောက်ပံ့ကြေး ခံစားနိုင်ခွင့်ဆောင်ရွက်ပေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန အနေဖြင့် သုတေသနတွေ့ရှိချက်များကို အခြေခံပြီး အပတ်စဉ်၊ နှစ်စဉ် စာတမ်းဖတ်ပွဲများ စဉ်ဆက်မပြတ် ကျင်းပခြင်း၊ မြန်မာ့စိုက်ပျိုးရေး သုတေသန ဂျာနယ်ကို နှစ်စဉ် ပုံနှိပ်ထုတ်ဝေခြင်းနှင့် မီဒီယာအားကို အသုံးချလျက် သုတေသန နည်းပညာမျှဝေခြင်း၊ နည်းပညာအသစ်များ ပြန့်ပွားရေး လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စိုက်ပျိုးရေးစနစ်” (Smart Green Agricultural Farming System) ခေါင်းစဉ်ဖြင့် ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယ အကြိမ် သုတေသနစာတမ်းဖတ်ပွဲတွင် စပါး၊ ပြောင်းနှင့် အခြား နှံစားသီးနှံဆိုင်ရာ စာတမ်း (၂၁)စောင်၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံဆိုင်ရာ (၁၄)စောင်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံနှင့်ပတ်သက် သည့် စာတမ်း(၉)စောင်၊ စက်မှုကုန်ကြမ်းသီးနှံ ဆိုင်ရာ (၂)စောင်၊ မြေဆီလွှာ၊ စိုက်ပျိုးရေနှင့် ပတ်သက်သည့် စာတမ်း(၉)စောင်၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ စာတမ်း(၇)စောင်၊ အပင်ဗီဇအရင်းအမြစ်ဆိုင်ရာ စာတမ်း(၁)စောင်၊ စက်မှုလယ်ယာနှင့် ပတ်သက်သည့် စာတမ်း(၂)စောင်၊ လူမှုစီးပွားရေးဆိုင်ရာ စာတမ်း(၁)စောင် စုစုပေါင်း စာတမ်း(၆၆)စောင်တို့အား တင်သွင်းဖတ်ကြား ကြမည်ဖြစ်ကြောင်း သိရသည်။
စာတမ်းဖတ်ပွဲသို့ လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သုတေသနပညာရှင်များ၊ ပြည်ပ ပညာသင်များ၊ ဘွဲ့ကြို ဘွဲ့လွန် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)