နေပြည်တော် မတ် ၅
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လာမည့်နွေရာသီတွင် ပြည်သူများ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေများနှင့်ပတ်သက်၍ ပေါင်းစပ် ညှိနှိုင်းပေးရန် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံဆွေးနွေး ခြင်းဖြစ်ပါ ကြောင်း၊ ယခုလိုပြည်သူများအား တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် နောင် ၅ နှစ်အတွက် ဓာတ်အား လိုအပ်ချက်သည် ၃၀၀၀ မဂ္ဂါဝပ်ခန့် လိုအပ်မည်ဟု ခန့်မှန်းတွက်ချက်ခဲ့ခြင်း ဖြစ်ကြောင်း။
ထိုလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရေး တိုးတက် ထုတ်လုပ်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အထိ ၉၀၄ မဂ္ဂါဝပ် တိုးတက် ထုတ်လုပ်ပေးနိုင်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်မီး သုံးစွဲသူ ၃၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုအခါ ၅၀ ရာခိုင်နှုန်း အထိ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုနွေရာသီတွင်လည်း ၁၁၆၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ၆၆ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဆက်လက်ထုတ်လုပ် နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင် Generation အပိုင်းကို တိုးတက်ထုတ်လုပ်ရန် ဆောင်ရွက်နေသကဲ့သို့ ထွက်ရှိလာမည့် ဓာတ်အားများကို သယ်ယူ ပို့ဆောင်ပေးနိုင်ရေး ဓာတ်အားလိုင်းများ (Transmission) အပိုင်းကိုလည်း ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားဖြန့်ဖြူးရေး (Distribution) အပိုင်းကိုလည်း တိုးချဲ့ဆောင်ရွက်လျက် ရှိရာ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၆ ဒသမ ၆ ကေဗွီနှင့် ၀ ဒသမ ၄ ကေဗွီဓာတ်အားလိုင်းမိုင် စုစုပေါင်း (၆၂၆၉၂) မိုင်နှင့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၆ ဒသမ ၆ ကေဗွီ ဓာတ်အားခွဲရုံ စုစုပေါင်း (၃၇၇၃၂) အမ်ဗွီအေ တို့ကို တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဝန်အားပြည့်နေသော ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများကိုလည်း ဆက်လက်၍ အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း အထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း အထိ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာ ပိုမိုအရေးကြီးသည့်အချိန်ကို ရောက်ရှိလာပြီဖြစ်ပါကြောင်း။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကအားဖြင့် အလွန်အရေးကြီးသည့် အခန်းကဏ္ဍအနေဖြင့် ပါဝင်သည့်အပြင် နိုင်ငံတော်အစိုးရအနေဖြင့် လည်း လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ ယခုနှစ်တွင် ထုတ်လုပ်မှုအပိုင်း၊ သယ်ယူပို့ဆောင်မှု အပိုင်းနှင့် ဖြန့်ဖြူးမှုအပိုင်းတို့တွင် တိုးတက်ဖြစ်ပေါ်မှုများကို ယခင်ကထက် ပိုမို ကောင်းမွန် လာစေရန် မျှော်မှန်းထားသည့်အတွက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည်များ ကို ဖြည့်ဆည်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဖြည့်ဆည်း ပေးမှုအပေါ် မိမိတို့အနေဖြင့်လည်း အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားကြရန်နှင့် လိုအပ်သည်များကို စနစ်တကျ စီမံခန့်ခွဲထားကြရန် လိုအပ် ကြောင်း၊ ဓာတ်အားဖြန့်ဖြူးမှုအပိုင်းတွင် သိသိသာသာ ပြောင်းလဲ ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ကြရန်နှင့် ဓာတ်အားသုံးစွဲမှုအတွက် ပြည်သူများ ကျေနပ်သည့် ဝန်ဆောင်မှုမျိုး ဖြစ်ရန်လိုအပ်ကြောင်း၊ ပြည်သူများ လိုချင်သည့် လျှပ်စစ် ဓာတ်အားကို လိုချင်သည့်နေရာတွင် လိုချင်သလောက်ပေးနိုင်သည့် အဖွဲ့အစည်းမျိုး ဖြစ်ရန်လိုကြောင်း။
ဝန်ဆောင်မှုအပိုင်းတွင်လည်း သိသိသာသာ တိုးတက် ကောင်းမွန်လာအောင် ရည်မှန်းချက်ထား ဆောင်ရွက်ရန်နှင့် အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများကို နောက်ထပ် ၅ နှစ်စာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး Generation Complex Plan နှင့် Transmission Hub Plan များကိုလည်း စီမံချက်များ ရေးဆွဲချမှတ်ထားပြီးဖြစ်၍ ၎င်းစီမံချက်များ အပေါ်၌လည်း အားလုံးမှ ဝိုင်းဝန်း၍ ဟန်ချက်ညီညီ ကြိုတင်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မကြာမီကာလတွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုသည့်ကာလသို့ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် စာမေးပွဲမဖြေဆိုမီနှင့် ဖြေဆိုချိန်ကာလများ၌ လျှပ်စစ်မီး မပြတ်တောက်စေရန် စီမံထားရှိမှုများအပေါ် စနစ်တကျ ကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းတို့အား ပြောကြားသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ ဓာတ်အား ပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား အသီးသီး ရှင်းလင်းတင်ပြကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က သုံးသပ်ဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)