Skip to main content

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ ဆဌမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၅

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ ဆဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ယခုအစည်းအဝေးသည် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့၏ ၆ ကြိမ်မြောက် အစည်းအဝေး ဖြစ်ပါကြောင်း၊ မတ်လကုန်တွင် အစီရင်ခံစာ ပြည်စုံကောင်းမွန်စွာ ပုံနှိပ်နိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ သို့ဖြစ်၍ လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်းတင်ပြ ဆွေးနွေး အကြံပြုပေးကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းဇော်က နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့၏ ပဉ္စမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက်  အစည်းအဝေး တက်ရောက်လာကြသူများက နှစ်ပတ်လည် အစီရင် ခံစာ ရေးသားထုတ်ဝေနိုင်ရေး၊ အချက်အလက်ပြည်စုံကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီးရေး အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြကြသည်။

ထို့နောက် အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အစီရင်ခံစာသည် မိမိတို့အတွက် ပထမဆုံးအစီရင်ခံစာဖြစ်ပြီး မိမိတို့၏သမိုင်းလည်း ဖြစ်ပါကြောင်း၊ ယခု အစီရင်ခံစာအား  နောင်နှစ်များတွင်  ကိုးကားနိုင်ရန်အတွက် အတတ်နိုင်ဆုံး ပြည်စုံကောင်းမွန်အောင် ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)