Skip to main content

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ရန်ကုန်တရားမျှတမှု စင်တာတို့၏ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၆

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ရန်ကုန်တရား မျှတမှုစင်တာတို့၏ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်နှင့် ရန်ကုန်တရားမျှတမှုစင်တာမှ Program Director ဦးကျော်မြင့်တို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ ရန်ကုန်တရားမျှတမှု စင်တာနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရန်ကုန် တရားမျှတမှု စင်တာ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ အဖွဲ့နှင့်စင်တာတို့ အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ဆွေးနွေး ကြသည်။

ယခုပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ရန်ကုန်တရားမျှတမှုစင်တာတို့ ဥပဒေ အထောက်အကူပြု လုပ်ငန်းစဉ်များကို ပူးပေါင်း ဆောင်ရွက်နိုင်စေရန်၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရားမျှတပြီး လွတ်လပ်သည့် တရားစီရင်ရေးစနစ် ဖော်ဆောင်မှုကို အထောက်အကူပြုစေရန်၊ ဥပဒေအထောက်အကူပြု လုပ်ငန်းစဉ် များမှ အတွေ့အကြုံများကို ပူးပေါင်းလေ့လာနိုင်စေရန်နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များနှင့် ရန်ကုန် တရားမျှတမှုစင်တာတို့ ဆက်လက် လုပ်ဆောင်မည့် ဥပဒေအထောက်အကူပြုလုပ်ငန်းများတွင် ပိုမိုပူးပေါင်းကာ လုပ်ဆောင်လာနိုင်စေရန် စသည့်ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က “ရန်ကုန်တရားမျှတမှုစင်တာလို အဖွဲ့အစည်းတွေက အရင်ကတည်းက အထောက်အကူပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ဒီအတွေ့အကြုံတွေကို ပြန်လည်မျှဝေခြင်းဖြင့် အခက်အခဲ တွေကို ဖြေရှင်းနိုင်မှာ ဖြစ်တဲ့အတွက် ဒီလိုပူးပေါင်းညှိနှိုင်းမှုတွေ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ရာဇဝတ်မှုတွေမှာ တရားစွဲခံရတဲ့သူ၊ စွပ်စွဲခံရတဲ့သူ၊ ဖမ်းဆီးခံရတဲ့သူ၊ ချုပ်နှောင်ခံရတဲ့သူ၊ တရားရုံးကို တင်ပို့ခံရသူတွေ တရားရုံး ရောက်တဲ့အခါ ငွေကြေးမတတ်နိုင်လို့ ရှေ့နေမငှားနိုင်ဘူး။ အဲဒီတော့ ကိုယ့်ကို စွဲတဲ့ပုဒ်မကို မသိ၊ ဘာကြောင့် အပြစ်ဒဏ်ခံရမှန်း မသိတဲ့အဖြစ်တွေ ပပျောက်အောင် သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ ပြည်သူတွေကို လိုက်ပါကူညီ ဆောင်ရွက်ပေးတဲ့လုပ်ငန်းကို ဦးစားပေးဆောင်ရွက်ပေးနေပါတယ်” ဟု ပြောသည်။

မျိုးသူဟိန်း