ကင်းထောက်ဆိုသည်မှာခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယကင်းထောက်ချုပ် ဦးသာစိန်၊ အပြည်ပြည်ဆိုင်ရာ ကင်းထောက်မှူးချုပ် ဦးမောင်မောင်ဝင်း၊ သီဟကင်းထောက်ကြီး ဦးဧကျော်၊ ကင်းထောက်ကြီး အလင်္ကာကျော်စွာ၊ ဂီတစာဆို ဟင်္သာတမြင့်ငွေနှင့် ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်တို့ပါဝင် ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်။
ယမန်နေ့မှအဆက်
ဦးအေးကြိုင် ။ ။ ကမ္ဘာ့ကင်းထောက် ဖခင် လောဒ့်ဗေဒင် ပါဝယ်လ်က မြန်မာနိုင်ငံကို ရောက်ဖူးပါတယ်။ အခု ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ ကျင်းပတဲ့နေရာမှာ မီးပုံပွဲလုပ်ခဲ့တယ်။ ကျွန်တော်လေ့လာမိတာ တစ်ခုက လော့ဒ်ဗေ ဒင်ပါဝယ်လ် ကမ္ဘာ့ကင်းထောက် ဖခင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ သူမွေးခဲ့တယ်။ ဆရာကြီးတို့ မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ကလည်း ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမမှာ Founder’s Day ဆိုတာ ကျင်းပ ခဲ့ပါတယ်။ ကမ္ဘာမှာ နိုင်ငံပေါင်း ၁၇၁ နိုင်ငံ လောက်က ကင်းထောက်လုပ်ငန်းကို မွန်မွန် မြတ်မြတ်လုပ်နေပြီး ကင်းထောက်ကို တန်ဖိုးထားတဲ့ သူ့သက်ဆိုင်ရာ နိုင်ငံက သမ္မတ၊ ဘုရင်၊ ဝန်ကြီးချုပ်တွေ ကိုယ်တိုင် ကင်းထောက်ချုပ် လုပ်ခဲ့တယ်ဆိုရင် နှစ် တစ်ရာတိုင်တိုင် ကမ္ဘာကလက်ခံတဲ့ ဒီစနစ်နဲ့ ပတ်သက်တဲ့ကင်းထောက်လုပ်ငန်းကို စတင် တီထွင်ခဲ့တဲ့ လော့ဒ်ဗေဒင်ပါဝယ်လ်က မြန်မာပြည်သူတွေကို ဂုဏ်ပြုတဲ့စကားလေး တစ်ခုပြောခဲ့တယ်လို့ ကြားဖူးပါတယ်။ အဲဒါ ကို သိပါရစေခင်ဗျာ။
ဒေါက်တာတင်ညို။ ။ သူရေးခဲ့တဲ့ စာအုပ် လေး တစ်အုပ်ရှိတယ်။ Rovering to Success စာအုပ်ရဲ့ စာမျက်နှာ ၇ မှာ အင်မတန် ထူးခြားတဲ့ အပိုဒ်လေးတစ်ခုပါတယ်။ နိုင်ငံအဖြစ်နဲ့၊ လူမျိုးအဖြစ်နဲ့ ကြည့်ခဲ့ရင် တစ်ကမ္ဘာလုံးမှာ ပျော်ရွှင်မှုအများဆုံး လူမျိုးဟာ မြန်မာ တွေပဲလို့ သူပြောခဲ့တယ်။ မှတ်မှတ်ရရပါပဲ မကြာခင်က ကျင်းပခဲ့တဲ့ ကင်းထောက် Founder’s Day မှာ ဆရာဟိန်းလတ်ကလည်း ဒါကို ပြန်ညွှန်းသွားခဲ့ပါတယ်။ ဘယ်လောက် အထိလဲဆိုတော့ မြန်မာတွေရဲ့ စိတ်ဓာတ် ကို ၁၉၂၁ ခုနှစ်မှာ သူလာပြီး လေ့လာခဲ့ပုံရ တယ်။ ၁၉၂၂ ခုနှစ်မှာ ရေးသားတဲ့စာအုပ်မှာ သူအဲဒီလို ညွှန်းတယ်။ ကမ္ဘာပေါ်မှာ အရိုး သားဆုံး၊ အပျော်ရွှင်ဆုံးလူတွေဟာ မြန်မာ တွေလို့ သူရေးသားခဲ့တယ်။
ဦးအေးကြိုင် ။ ။ လောဒ့်ဗေဒင် ပါဝယ်လ် က ကမ္ဘာမှာ မြန်မာကို အပျော်ရွှင်ဆုံး ၊ အရွှင်လန်း ၊ အတက်ကြွဆုံးလို့ ဂုဏ်ပြုခဲ့တယ်။ အခု ၂၀၂၀ ဆိုရင် နှစ်တစ်ရာတိုင်နေပါပြီ။ ကင်းထောက်ရဲ့ ရည်မှန်းချက်ထဲမှာလည်း သူပြောတဲ့ အဲဒါ တွေပါတယ်။ သဘောက လူဆိုတာပျော်ဖို့ ဆိုတာ သူတို့စိတ်ထဲမှာကိုက လုံခြုံမှုရှိဖို့ လိုတယ်။ မိသားစု စားဝတ်နေရေးပြေလည်ဖို့ လိုတယ်။ သဘောက အဲဒီစိတ်အလှတွေ ထွန်းလင်းမှ ပျော်ရွှင်တယ်ဆိုတဲ့ စကားကို ရမယ်ဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေက ကင်းထောက်သမိုင်း ကောင်းခဲ့တယ်။
ဒါဆိုရင် ကျွန်တော်တို့နိုင်ငံကို ကမ္ဘာ့ ကင်းထောက်ဖခင်ကိုယ်တိုင်က ပေးခဲ့တဲ့ ဒီစကားရပ်လေးဟာ ပြန်လည်ရှင်သန်လာပြီ။ မြန်မာနိုင်ငံကင်းထောက်က အထီးကျန်ပြီး နေလို့မရဘူး။ ကျွန်တော်တို့က ကမ္ဘာ့အသိုက် အမြုံထဲကို ဝင်ရပါမယ်။ ကမ္ဘာ့ ကင်းထောက် မိသားစုထဲကို ဝင်ဖို့ဆိုရင် နိုင်ငံတကာ ဆက်သွယ်မှု လိုပါတယ်။ ကင်းထောက်အဖွဲ့ ရဲ့ နိုင်ငံတကာဆက်သွယ်ရေးမှူးတာဝန်ကို ယူထားတဲ့ ဦးမောင်မောင်ဝင်းက မြန်မာ့ ကင်းထောက်ကို ကမ္ဘာကသိအောင်၊ အာရှ-ပစိဖိတ်ဒေသကသိအောင် ဘာတွေဆောင် ရွက်နေတယ်ဆိုတာ အများပြည်သူသိရှိအောင် ပြောပြပေးပါဦး။
ဦးမောင်မောင်ဝင်း။ ။ ကျွန်တော်က အခု လက်ရှိတော့ YMCA ရဲ့ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံတကာမှာ YMCA နဲ့ကင်းထောက်က လုပ်ငန်း တွေကို အတူတကွ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်က ကင်းထောက် ပြန်လည် ဖွဲ့စည်းခဲ့တဲ့ အချိန်ကျွန်တော်တို့ စိတ်ထဲမှာ ကျွန်တော်တို့ အဖွဲ့ အစည်းအချင်းချင်း ဘယ်လိုကူညီကြမလဲ ဆိုတဲ့ စိတ်ဓာတ်က အရေးကြီးပါတယ်။
ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲ ဆိုတဲ့ စိတ်ကဝင်ခဲ့တော့ ပထမဦးဆုံးအနေနဲ့ အာရှပစိဖိတ် ကင်းထောက်အဖွဲ့ချုပ်ရုံးက ဒါရိုက်တာဆီကို ကျွန်တော် စာရေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကင်းထောက် ပြန်လည်ဖွဲ့စည်းပါပြီ။ ဒါကြောင့် ကင်းထောက်လုပ်ငန်းတွေ ဆက်လက်ရှင်သန်ပြီး ကမ္ဘာ့အသိုက်အဝန်းကို မြန်မာနိုင်ငံ ကင်းထောက်ရောက်ရှိဖို့အတွက်က သက်ဆိုင်ရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တွေ့ဆုံပြီး ကျွန်တော်တို့လုပ်ငန်းတွေကို ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ လာရောက်တွေ့ဆုံ ဂါရဝပြုဖို့ စာရေးလိုက် ပါတယ်။
ဦးအေးကြိုင် ။ ။ ဆရာကြီး ကင်းထောက်ချုပ်ပြောတဲ့ အထဲမှာလည်း ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်မှု၊ ပညာရေးဝန်ကြီးဌာနရဲ့ပံ့ပိုးမှုနဲ့ ဆောင်ရွက်ခဲ့တယ်ဆိုတော့ ဆရာက ပညာရေးဝန်ကြီး ဌာနနဲ့ ဆက်သွယ်မှုကို ဆောင်ရွက်ပေးတာပါလား ခင်ဗျာ။
ဦးမောင်မောင်ဝင်း။ ။ YMCA အနေနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီကို စာရေး ပါတယ်။ နိုင်ငံတကာက ကင်းထောက် ခေါင်းဆောင်တွေ မြန်မာနိုင်ငံကို လာချင်ပါ တယ်။ ဝန်ကြီးကို လာရောက်တွေ့ဆုံ ဂါရဝပြုပြီး ကင်းထောက်လုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ လက်ခံတွေ့ဆုံပေးဖို့ စာရေးလိုက်ပါတယ်။ ပြည်ထောင်စုဝန်ကြီး က ကျွန်တော်တို့ကို တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။
အဲဒီတော့ အဖွဲ့ဝင်ရှစ်ဦးလောက် မြန်မာ နိုင်ငံကို လာပါတယ်။ ဖိလစ်ပိုင်၊ ဩစတြေးလျ၊ မလေးရှား၊ စင်ကာပူ ၊ ဂျပန်နိုင်ငံတွေပါ ပါဝင်တယ်။ လာရောက်တွေ့ဆုံပြီး အနာဂတ် လုပ်ငန်းစဉ်တွေကို အာရှ- ပစိဖိတ် ကင်းထောက်အဖွဲ့ချုပ်၊ ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ်တွေနဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံရဲ့ ကင်းထောက်လုပ်ငန်းတွေကို ဘယ်လို ဆောင်ရွက်မယ်ဆိုတာ ကျွန်တော်တို့ စီစဉ် ကြပါတယ်။
ကမ္ဘာ့ကင်းထောက် အသိုက်အဝန်းမှာ ပြန်လည်ပြီး အဖွဲ့ဝင်အဖြစ် ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ ကင်းထောက်ရဲ့ ဖွဲ့စည်းပုံ၊ စည်းမျဉ်းကို ကျွန်တော်တို့ ရေးဆွဲဖို့ ပြင်ဆင်ရပါတယ်။ ဒုတိယ ကင်းထောက်ချုပ် ဦးသာစိန် ဦးစီးတဲ့အဖွဲ့ကို ကင်းထောက် ဖွဲ့စည်းပုံ စည်းမျဉ်းရေးဆွဲဖို့ တာဝန်ပေးပါ တယ်။ အချိန်တိုအတွင်းမှာ အဲဒီအဖွဲ့က လည်း ကြိုးစားပြီး ဆောင်ရွက်ခဲ့ပါတယ်။ ပြီးတဲ့အခါမှာ သက်ဆိုင်ရာ နိုင်ငံတော်အစိုးရ နဲ့ ရှေ့နေချုပ်ရုံးကို ပြန်လည်တင်ပြရပါတယ်။
ဦးအေးကြိုင် ။ ။ မြန်မာနိုင်ငံ ကင်းထောက်ရဲ့ စည်းမျဉ်းဥပဒေတွေကို နိုင်ငံတော်က အတည်ပြုပြီးပြီ ဆိုတာကိုလည်း ရှင်းပြပေးပါဦးခင်ဗျာ။
ဒေါက်တာတင်ညို။ ။ အတည်ပြုဖို့ သိပ်ကို အရေးကြီးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကင်းထောက်အဖွဲ့ တစ်ဖွဲ့တည်းရပ်တည်လို့ မရဘူး။ အာရှ-ပစိဖိတ်ရော၊ ကမ္ဘာနဲ့ပါ ချိတ်ဆက်ရင် ကျွန်တော်တို့က နိုင်ငံတော်က အတည်ပြုထားတဲ့အဖွဲ့မဟုတ်ရင် ကျွန်တော်တို့ ချိတ်ဆက်လို့မရဘူး။
ဒါကြောင့် ဦးသာစိန်ဦးဆောင်ပြီး ဆောင်ရွက်ကြရတဲ့အခါ ကျွန်တော်တို့ ကတိခံယူတဲ့အခါ ကျွန်ုပ်၏ ဂုဏ်သိက္ခာကို ပဌာနာပြု၍ ကတိပြုပါသည်လို့ပါတယ်။ အဲဒါဟာ လိုရဲ့လားဆိုတာကို အထူးအဆန်း ဖြစ်နေတယ်။ ဒါသည် သိပ်ကိုအရေးကြီး တယ်၊ အဖွဲ့ အစည်းအားလုံးမှာ ကျွန်တော်တို့ ကင်းထောက် အဖွဲ့ပဲ ဒီလို စာတမ်းပါတယ်။ ဂုဏ်သိက္ခာဆိုတဲ့ စကားက အင်မတန် တန်ဖိုးရှိပါတယ်။ အဲဒီလိုနဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံတော်အစိုးရ အဖွဲ့က အတည်ပြုပေးခဲ့တယ်။
ဦးအေးကြိုင် ။ ။ ဒါဆိုရင် မြန်မာနိုင်ငံ အတွက် နိုင်ငံတော် အစိုးရက အတည်ပြုတဲ့ စည်းမျဉ်းကို ခိုင်ခိုင် မာမာ ထုတ်ပြန်ပေးနိုင်ခဲ့တယ်။ ဦးမောင် မောင်ဝင်းရဲ့ အခြားအတွေ့အကြုံလေးလည်း ပြောပြပါဦး။
ဦးမောင်မောင်ဝင်း။ ။ ကင်းထောက် ဖွဲ့စည်းပုံ စည်းမျဉ်း ရေးဆွဲပြီးတဲ့အခါ အာရှ- ပစိဖိတ်က တာဝန် ရှိသူတွေလာပြီး ဖွဲ့စည်းပုံစည်းမျဉ်းကို နိုင်ငံတကာနဲ့ အချိတ်အဆက်မိနိုင်အောင် ကျွန်တော်တို့နဲ့ သုံးရက်တာ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ နိုင်ငံတကာနဲ့ အချိတ်အဆက်မိနိုင်အောင် သူတို့ရဲ့ အကြံ ပြုချက်တွေ ရယူပါတယ်။ ပြီးတော့ နိုင်ငံတော်အစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်။
ဒေါက်တာတင်ညို။ ။ ကျွန်တော်တို့ အရင်တုန်းက Boy Scout လို့ ဆိုတယ်။ ဒါပေမယ့် အာရှ- ပစိဖိတ်နဲ့ တိုင်ပင်ပြီးညှိတဲ့အခါ အခုကမ္ဘာ့ ကင်းထောက်အဖွဲ့ရဲ့ Trend က ပြောင်းသွားပြီ။ ကျွန်တော်တို့ ကင်းထောက်အဖွဲ့မှာ အမျိုး သားတွေသာမက အမျိုးသမီးတွေလည်း ဝင်ရောက်ခွင့်ရှိတဲ့အတွက် Boy Scout မှာ Boy ဆိုတာကို ချန်ထားခဲ့ရတယ်။
ဦးအေးကြိုင် ။ ။ ဒါဆိုရင် ဆရာကြီး တို့ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့အစည်း အောက်မှာ ယောက်ျားလေးတွေသာ မဟုတ်တော့ဘဲ ကျားမ မဟူ ဝင်လို့ရသွားပြီ။ ဆရာကြီးတို့ ကတိသုံးပါးထဲမှာ ကျွန်တော်လေ့လာမိ တာက လူမျိုးမရွေး၊ ဘာသာမရွေး ၊ ကျားမ မရွေး ဝင်ရောက်ခွင့်ရှိတာ မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ပေါ့နော်။ အဲဒါလေးက ထူးခြားပါတယ်။
ဒေါက်တာတင်ညို။ ။ ကျေးဇူးတင်ရတာ က YMCA အဖွဲ့ပါ။ အဲဒီတုန်းက ကျွန်တော်တို့ ကိုယ့်ဘာသာ ကိုယ်သာ ဖွဲ့နေတာ။ APR ဆိုတာ ဘယ်သူ တွေမှန်းမသိဘူး။ ၂၀၁၂ ခုနှစ်မှာ သင်တန်း စပေးတယ်။ ဒီဇင်ဘာလမှာ ကင်းထောက် လေးတွေ ဖြစ်ကြတယ်။ ဆရာတို့ စီစဉ်ပေးလို့ ကျွန်တော်တို့ အရင်တုန်းက လုံးဝမသိတဲ့သူ တွေ ၂၀၁၃ ခုနှစ် မေလမှာ အာရှ-ပစိဖိတ် ကင်းထောက်အဖွဲ့ချုပ်က ပထမဦးဆုံး အကြိမ်လာတယ်။
သူတို့ဆီက အာရှ- ပစိဖိတ်ဒေသက ကင်းထောက်အဖွဲ့ချုပ်ဥက္ကဋ္ဌ ခေါင်းဆောင်တဲ့ ကင်းထောက်အဖွဲ့ တွေက ခေါင်းဆောင်တွေ လာကြတယ်။ ထူးခြားတဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီး ကျွန်တော်တို့အတွက် အားဖြစ်ပါတယ်။
ဦးအေးကြိုင် ။ ။ ဦးမောင်မောင်ဝင်း အနေနဲ့ အာရှ-ပစိတ် ဖိတ်တင်မက ကမ္ဘာမှာချိတ်ဆက်တာလေး တွေကိုလည်း ရှင်းပြပေးစေလိုပါတယ် ခင်ဗျာ။
ဦးမောင်မောင်ဝင်း ။ ။ ကျွန်တော်တို့ ပထမဦးဆုံး အနေနဲ့ အာရှ- ပစိဖိတ်ဆိုင်ရာ ကင်းထောက်အဖွဲ့ ချုပ်ရုံးကို လေ့လာရေးသွားပါတယ်။ပြီးတော့ ဖိလစ်ပိုင်နိုင်ငံက ကင်းထောက်အဖွဲ့ရဲ့ လုပ်ငန်းတွေကို လေ့လာခဲ့ပါတယ်။ ကမ္ဘာ့ ကင်းထောက်အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပြန်လည်ရရှိနိုင်ဖို့ ဆွေးနွေးမှုတွေ အကြိမ် ကြိမ် ဖိလစ်ပိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကင်းထောက် အဖွဲ့ရဲ့ ကြိုးစားမှုကြောင့် အချိန်တိုအတွင်း မှာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့ကင်းထောက်အဖွဲ့ ချုပ်က မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တယ်။ ဘယ်မှာအတည်ပြုသလဲ ဆိုတော့ ၂၀၁၇ ခုနှစ် အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်တဲ့ ကမ္ဘာ့ကင်းထောက်ညီလာခံအစည်းအဝေး ကြီးက ဘာကန့်ကွက်ချက်မှမရှိဘဲ မြန်မာ နိုင်ငံကို အဖွဲ့ဝင်အဖြစ် ပျော်ရွှင်ဝမ်းမြောက်စွာ လက်ခံခဲ့ပါတယ်။
ဦးအေးကြိုင် ။ ။ ကျွန်တော်တို့ မြန်မာ နိုင်ငံကို ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ကိစ္စကို လည်း ပြည်သူတွေပိုမိုသိရှိအောင် ကင်း ထောက်ချုပ်အနေနဲ့ ရှင်းလင်းပြောကြား ပေးစေလိုပါတယ်။
ဒေါက်တာတင်ညို။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကမ္ဘာ့ ကင်းထောက်အဖွဲ့ချုပ်က လာရောက်ပြီး စိစစ်တယ်။ ကျောင်းတွေလည်းရောက်တယ်။ ရုံးလည်း ရောက်တယ်။ ကျွန်တော်တို့ အားလုံးနဲ့လည်း တွေ့တယ်။ ဒါတွေအားလုံးကို ကြည့်တဲ့အခါ ကျွန်တော်တို့မှာ ပြည့်စုံတယ်လို့ သူတို့ သဘောပေါက်ကြပါတယ်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်းထောက်အဖွဲ့ ဝင်နိုင်ငံ ဖြစ်သင့်တယ်ဆိုပြီး ကမ္ဘာ့အဖွဲ့ဝင် နိုင်ငံ ၁၆၃ နိုင်ငံကို အကြောင်းကြားစာ ပို့ပါတယ်။ သုံးလအတွင်း ကန့်ကွက်မယ့် သူရှိရင် ကန့်ကွက်ပါ။ ၅ ရာခိုင်နှုန်းထက် ပိုများခဲ့ရင်တော့ ကမ္ဘာ့ကင်းထောက်ညီလာခံ ကျမှ အတည်ပြုမယ်။ အဲဒီမှာ မဲပြန်ခွဲပြီး ဆုံးဖြတ်မယ်။ ၅ ရာခိုင်နှုန်းထက် နည်းခဲ့ တယ်ဆိုရင်တော့ အတည်ပြုမယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ဆီကိုလည်း အကြောင်းကြားတယ်။
ဦးအေးကြိုင် ။ ။ ဒါဆိုရင် မြန်မာနိုင်ငံက ကမ္ဘာ့ ကင်းထောက် အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ အခြား ၁၆၃ နိုင်ငံက ကန့်ကွက်တာများ ရှိပါသလား။
ဒေါက်တာတင်ညို။ ။ APR က မိတ်ဆွေ တွေရဲ့ မြန်မာနိုင်ငံကို ပြန်လည်ရှင်သန်လာစေမှု ၊ ကျွန်တော် တို့နိုင်ငံရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် တစ်နိုင်ငံမှ မကန့်ကွက်ခဲ့ကြပါဘူး။ အဲဒီလို မကန့်ကွက်ဘူး ဆိုတဲ့အကြောင်းကိုလည်း ဩဂုတ် ၁၀ ရက်မှာ ကျွန်တော်တို့ဆီကို စာပို့ ခဲ့တယ်။၂၀၁၆ ခုနှစ် ဩဂုတ် ၁၁ ရက်မှာ ကျွန်တော်တို့သည်ကမ္ဘာရဲ့ ၁၆၄ နိုင်ငံမြောက် ကမ္ဘာရဲ့ကင်းထောက်မိသားစုဝင် ဖြစ်သွားပါတယ်။
ဦးအေးကြိုင် ။ ။ ကမ္ဘာ့ကင်းထောက် ညီလာခံ တက်ရောက်ခွင့်ရခဲ့တာကိုလည်း ပြောပြပေးပါဦး။
ဒေါက်တာတင်ညို။ ။ ကမ္ဘာ့ကင်းထောက် ညီလာခံက အဆုံးအဖြတ်တွေ ပေးတယ်။ အဲဒီလို အဆုံးအဖြတ် ပေးတဲ့အတွက် ၂၀၁၇ ခုနှစ် အဇာဘိုင်ဂျန် နိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ကင်းထောက် ညီလာခံကျမှ ကျွန်တော်တို့ကို တရားဝင် အသိအမှတ်ပြုလွှာ ချီးမြှင့်ပါတယ်။
ဦးအေးကြိုင် ။ ။ မြန်မာနိုင်ငံက ကမ္ဘာ့ ကင်းထောက်အသိုက် အမြုံထဲကို ရောက်လာတဲ့အခါ ကျွန်တော် တို့ရဲ့ ညီနောင် ကင်းထောက် ၁၆၃ နိုင်ငံက တစ်နိုင်ငံမှ မကန့်ကွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ရဲ့ လှုပ်ရှားမှုဟာ ဂုဏ်ယူဖွယ်ကောင်းကြောင်း ပြောကြားလိုပါတယ် ခင်ဗျာ။
တာရာ၊ ကေကေ၊ ဓာတ်ပုံ - ဦးတင်မောင်လတ်(ကင်းထောက်ကြီး)