ပွင့်ဖြူ မတ် ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို မတ် ၆ ရက် ၊ ညနေ ၄ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာရိပ်သာ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားရာတွင် ယခု လွှဲပြောင်းပေးအပ်သည့် ရန်ပုံငွေများကို ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကျိုးရှိရှိ အသုံးချဆောင်ရွက်လုပ်ကိုင်ရန်နှင့် လုပ်ငန်း အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ် ကျေးရွာအုပ်စု ၊ မြင်းခြံစုကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းဆောင်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဆောက်လုပ်နိုင်ရေးအတွက် ရန်ပုံငွေကျပ် သိန်း ၁၃၀ အား လည်းကောင်း ၊ ပွင့်ဖြူမြို့(အ.ထ.က) ကျောင်းရှိ ကျောင်းသားကျောင်းသူများ ICT နည်းပညာ သင်ယူလေ့လာနိုင်ရေးအတွက် ICT နည်းပညာ ဆက်စပ်ပစ္စည်းများ ဝယ်ယူတပ်ဆင်နိုင်ရေး ရန်ပုံငွေ ၉၅၉၀၀၀၀ အား လည်းကောင်း ၊ ပွင့်ဖြူမြို့နယ် ညောင်ခြုံကျေးရွာ ဒေသခံတောင်သူများ မိုးရာသီကာလ သီးနှံစိုက်ခင်းများ ရေဝင်နစ်မြုပ်မှုအန္တရာယ်ကင်းဝေးစေရေးအတွက် ရေဆိုးထုတ်မြောင်းတူးဖော်နိုင်ရေး ရန်ပုံငွေကျပ် သိန်း ၅၀၀ အား လည်းကောင်း အသီးသီးလွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရ သည်။
ရဲဝင်းနိုင် ( ညောင်ဦး )