Skip to main content

ကျောက်ပုံကျေးရွာ လျှပ်စစ်မီးလင်းရေးနှင့် ရေရရှိရေးဖွင့်ပွဲအခမ်းအနား မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ဖွင့်လှစ်

စေတုတ္တရာ မတ်  ၇                                                             

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်သော ကျေးရွာလျှပ်စစ်မီးလင်းရေးနှင့် ပြင်သစ်နိုင်ငံသား အလှူရှင် MICHEL Family (French)မှ လှူဒါန်းသော ရေရရှိရေးဖွင့်ပွဲ အခမ်းအနားကို မတ်လ ၇ရက်နေ့  နံနက်(၉)နာရီ က စေတုတ္တရာမြို့နယ် မုံညှင်းကျေးရွာအုပ်စု ကျောက်ပုံကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျေးရွာလျှပ်စစ်မီးလင်းရေးနှင့် ရေရရှိရေးဖွင့်ပွဲ မင်္ဂလာမုဒ်ဦးကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦး၊ စစ်ရေတွင်း အလှူရှင်ကိုယ်စား ဦးအေးကိုကိုတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့သည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ  မကွေးတိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌ ဦးတာမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ လမ်းညွှန်အမှာစကားပြော ကြားသည်။ ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်မှ လျှပ်စစ်နှင့်ပတ်သက်၍ ဆောင်ရွက်ပေးရသည့် ကိစ္စရပ်များ ပြောကြားပြီးနောက် စက်ရေတွင်းအလှူရှင် MICHEL Family (French)ကိုယ်စား ရေရရှိရေးအတွက် အလှူရှင်နှင့် ချိတ်ဆက်ပေးသော ဦးအေးကိုကိုအား ကျောက်ပုံကျေးရွာ နေပြည်သူများမှ ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခြင်း နှင့်ဒေသခံပြည်သူများကိုယ်စား  ကျောက်ပုံ ကျေးရွာနေ ရပ်မိ/ရပ်ဖ ဦးမြင့်သိန်းမှ ကျေးဇူးတင်စကား  ပြောကြားခဲ့ကြောင်းသိရသည်။

ပေါက်ပေါက်(ပြန်/ဆက်)