Skip to main content

မန္တလေးသံစဉ် ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်မှ ရင်တွင်းစကားသံများ

မန္တလေးဒေသခံ မြို့မိမြို့ဖများနှင့် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစု ၁၈ ဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် မန္တလေးသံစဉ် ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်တွင် ပါ၀င်သူများ၏ ရင်တွင်းစကားသံများကို မျှဝေလိုက်ပါသည်။

ဦးနိုင်မောင်မြင့်
(ဥက္ကဋ္ဌ၊ မန္တလေးအခြေစိုက်တိုင်းရင်းသားလူမျိုးစု ၁၈ ဖွဲ့) ( မန္တလေးသံစဉ် ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော် ကျင်းပရေးကော်မတီ)
မြန်မာနိုင်ငံမှာ ပြည်သူတစ်ရပ်လုံးရဲ့ ရင်ထဲမှာ ငြိမ်းချမ်းတဲ့အရသာကို ခံစားချင်နေကြပါပြီ။ ဒါကြောင့် မငြိမ်းချမ်းလို့မဖြစ်ဘူးဆိုတဲ့ အနေ အထားကို လိုလားတောင့်တနေကြတယ် ဆိုတာကို ရည်ရွယ်ပြီး ဒီပွဲတော်ကို ကျင်းပ ပေးတာပါ။ ဒီဂီတ ပွဲတော်ကနေ တင်ဆက် လိုက်တဲ့ အနုပညာရသကနေတစ်ဆင့် ပြည်သူတွေရဲ့ နှလုံးသားထဲကို ရောက်ရှိပြီး နောက်ဆုံးမှာ သက်ဆိုင်သူတွေဆီကို ရောက်ရှိအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ မန္တလေးမှာ ကျင်းပလိုက်တဲ့ ဒီဂီတပွဲတော် ကနေ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အထိ ရိုက်ခတ်ကူးစက်သွားပြီး သူတို့တွေ ကလည်း ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ လိုအပ်တယ်ဆိုတဲ့အသိကို ရရှိသွားရင် ငြိမ်းချမ်းရေးအသီးအပွင့်တွေကို တစ်နိုင်ငံလုံးခံစားရရှိသွားမှာဖြစ်ပါတယ်။

နော်ဂူးဂူး
ကယန်းတိုင်းရင်းသူ၊ မငြိမ်းချမ်းလို့ မဖြစ်ဘူးသီချင်း မူရင်းအဆိုရှင်
ဒီဂီတပွဲတော်ကြီးမှာ မငြိမ်းချမ်းလို့မဖြစ်ဘူး ဆိုတဲ့ သီချင်းကို သီဆိုခွင့်ရလို့ ဝမ်းသာဂုဏ်ယူ ပါတယ်။ ဒီသီချင်းကို အော်ဂတ်စတာတီးဝိုင်း အဖွဲ့ရယ်၊ ကယားအဖွဲ့နဲ့ မန္တလေးက အဆိုရှင် တစ်ယောက်နဲ့တွဲဖက်ပြီး သီဆိုပါတယ်။ ဒီသီချင်း ဆိုနေတဲ့အချိန်မှာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ငြိမ်းချမ်းရေးသီချင်းလည်းဖြစ် သလို ကိုယ်တိုင်လည်း လက်တွေ့ကြုံတွေ့နေ ရတဲ့ ခံစားချက်ဖြစ်တဲ့အတွက် ပြောမပြနိုင် လောက်တဲ့ ထူးခြားတဲ့ခံစားမှုတစ်ခုကို ခံစားမိပါတယ်။ ငြိမ်းချမ်းရေး ရရှိဖို့အတွက် တတ်နိုင်တဲ့ သီချင်းသံစဉ်တွေ၊ လုပ်အားတွေနဲ့ ပါဝင်သွားမှာပါ။ လူတစ်ဦးချင်းစီနဲ့ တစ်ကမ္ဘာလုံး ရဲ့ ရင်ထဲမှာ ငြိမ်းချမ်းမှုတွေ ရရှိပါစေလို့ ဆုတောင်းပါတယ်။ ဒီသီချင်းက အလွန်ပြည့်စုံ ပြီး ခံစားမှုပေါင်းစုံပါဝင်တဲ့အတွက် နားထောင် တဲ့သူအားလုံး ခွန်အားဖြစ်စေပြီး ငြိမ်းချမ်းရေး အတွက် ပုံဖော်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါ တယ်။

ဦးဝင်းမော်
ဥက္ကဋ္ဌ၊ ကယန်းတိုင်းရင်းသားများ လူမှုရေးအသင်း(မန္တလေး)
မငြိမ်းချမ်းလို့မဖြစ်ဘူးဆိုတဲ့ သီချင်းကို ကျွန်တော်တို့ ကယားပြည်နယ်က တေးရေး ဆရာ သစ်လွင်အောင်(လွိုင်ကော်)က ရေးဖွဲ့ ခဲ့ပြီး ကယန်းတိုင်းရင်းသူ အဆိုရှင် နော်ဂူးဂူးနဲ့ အတူ ဒေသခံတီးဝိုင်းနဲ့ စတင်တီးခတ် သီဆို ပြီး မွေးဖွားခဲ့တာပါ။ ဒီသီချင်းမှာပါတဲ့ စာသား တွေက အင်မတန်ကောင်းမွန်တဲ့အတွက် တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိလာ အောင် ဒါရိုက်တာ၊ တေးရေးဆရာ နောင်နောင် (sunflower)ရဲ့ ပါဝင်ကူညီမှုကြောင့် အော်ဂတ်စတာတီးဝိုင်းကြီးနဲ့ MTV ရိုက်ကူး ပြီး နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အကျိုးပြု စေမယ့် အဖွဲ့အစည်းတွေကို ဒီသီချင်းကို လှူဒါန်းခဲ့တဲ့အပြင် NCA လေးနှစ်ပြည့် အခမ်းအနားမှာလည်း သီဆိုဖျော်ဖြေခွင့်ရခဲ့ ပါတယ်။ အခုတစ်ခါ မန္တလေးအခြေစိုက် တိုင်းရင်းသားပေါင်းစုံနဲ့ မန္တလေးဒေသခံ ပြည်သူတွေ၊ အနုပညာရှင်တွေ ပူးပေါင်းပြီး ဒီဂီတပွဲတော်ကြီးကို ကျင်းပဖြစ်ပါတယ်။ ဒီလိုကျင်းပနိုင်တဲ့အတွက် ဂီတသံစဉ် တွေကနေတစ်ဆင့် မငြိမ်းချမ်းလို့ မဖြစ်တော့ ဘူးဆိုတဲ့ အသိတွေဝင်လာပြီး ငြိမ်းချမ်းအောင် အတူပူးပေါင်း ပါဝင်လုပ်ဆောင်ကြမယ်ဆိုတဲ့ အတွေးတွေရရှိစေဖို့ မျှော်လင့်ပါတယ်။

ကိုသက်နောင်ထွန်း
တေးရေး သစ်လွင်အောင်(လွိုင်ကော်)
လက်ရှိကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ် မှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် အထူးလိုအပ်နေပါတယ်။ ဒါကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးကို အရေးကြီးတဲ့ အသိလေးတစ်ခု ပေးချင်တယ်။ အဲဒါကတော့ ‘မငြိမ်း ချမ်းလို့မဖြစ်တော့ဘူး’ ဆိုတာပါပဲ။ အယူအဆတွေ မတူကွဲပြားခြားနားပြီး ငြိမ်းချမ်းရေး ကို မတည်ဆောက်နိုင်ဘူးဆိုရင် ကျွန်တော် တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ဘဝဟာ နောင်အနှစ် ၂၀ ကျော်မှာ တိုင်းပြည်မရှိတဲ့ လူမျိုးဘဝကို ရောက်သွားနိုင်တယ်ဆိုတဲ့ အသိကိုပေးချင်လို့ ဒီသီချင်းကို ရေးဖြစ်တာပါ။ ကျွန်တော့်ရဲ့ ဒီသီချင်းမှာ ဘယ်သူ့ကိုမှ အပြစ်မတင်ထားပါဘူး။ မငြိမ်းချမ်းတော့ပြီလား…မရိုးသားခြင်းတွေကြား…မေတ္တာတရားတွေ ခန်းခြောက်သွားကာ… လုံးပါးပါး တော့မလား စတဲ့ မေးခွန်းလေးတွေပဲ မေးထားပါတယ်။ ဒီအတိုင်းပဲ ညှိနှိုင်းလို့မရရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်သွားနိုင်တယ်ဆို တဲ့ အတွေးလေးတစ်ခုကို တွေးမိသွားအောင် မေးခွန်းလေးတွေ မေးထားတာပါ။ ဒီမေးခွန်း တွေက ကျွန်တော်တို့ မြန်မာပြည်မှာရှိကြတဲ့ ပြည်သူအားလုံးက ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးရမယ့် မေးခွန်းတွေဖြစ်သလို အဖြေကိုလည်း ကိုယ်တိုင်ပြန်ဖြေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ဖို့အတွက် အားလုံးမှာ တာဝန်ရှိ လာပြီဆိုတာကို အဓိကထားပြီး ရေးခဲ့တာပါ။ မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပြည်သူတစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပါဝင် ဖို့ အချိန်ကျရောက်နေပြီဆိုတဲ့ အသိကို သံစဉ်ထည့်ပြီး သီချင်းအဖြစ် ဖော်ပြလိုက်တာပါ။ ဒီဂီတပွဲတော်ကြီးကို မန္တလေးပြီးရင် အခြား တိုင်းဒေသကြီး ပြည်နယ်တွေမှာလည်း သူတို့ ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံနဲ့အညီ
တွဲဖက်ပြီး ကျင်းပပေးမယ်ဆိုရင် တစ်နိုင်ငံ
လုံးက မငြိမ်းချမ်းလို့မဖြစ်ဘူးဆိုတဲ့အသိကို တွေးမိပြီး ငြိမ်းချမ်းရေးအတွက် ပူးပေါင်း ပါဝင်လာဖို့ မျှော်လင့်ပါတယ်။

နန်းဖြိုးရတနာ
ပအိုဝ်းတိုင်းရင်းသူ၊ ရှမ်းပြည်နယ်
(တောင်ပိုင်း)၊ ဟိုပုံးမြို့၊ ဆိုက်ခေါင်ကျေးရွာ
ဒီဂီတပွဲတော်မှာ တိုင်းရင်းသားရိုးရာအကနဲ့ ပါဝင်ဖျော်ဖြေပါတယ်။ မငြိမ်းချမ်းလို့မဖြစ်ဘူး သီချင်းကို နားထောင်ပြီး ကျွန်မတို့ဒေသမှာ မဟုတ်ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ငြိမ်းချမ်းမှုတွေ မရှိသေးတာတွေ့ရတဲ့ အတွက် အဲဒီဒေသမှာ ငြိမ်းချမ်းစေချင်တယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်း စည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းစွာ နေထိုင်ကြစေချင်ပါတယ်။

မင်းထက်အောင်(မန်းကိုယ်ပွား)၊အောင်ဖြိုးကျော်