Skip to main content

မြန်မာ့အမွေအနှစ်လမ်းကြောင်း ခရီးသွားယာဉ်တန်း ဇန်နဝါရီ ၇ ရက်တွင် စတင်ထွက်ခွာမည်

ရန်ကုန် ဇန်နဝါရီ ၅

မြန်မာနိုင်ငံအတွင်းရှိ ခရီးသွားဒေသအသစ်များအား ရှာဖွေဖော်ထုတ်နိုင်ရန်နှင့် ကချင်လူမျိုးစုများအားလုံးပါဝင်သည့် မနောပွဲတော်သို့ သွားရောက်လေ့လာနိုင်ရန်ရည်ရွယ်၍ ပြုလုပ်သော (၈)ကြိမ်မြောက်ခရီးစဉ် (Journey To The North)ဖြစ်သည့် မြန်မာ့အမွေအနှစ် လမ်းကြောင်း ခရီးသွားယာဉ်တန်းမှာ ဇန်နဝါရီ ၇ ရက်တွင် ခရီးစဉ်စတင်တော့မည်ဖြစ်၍ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး သုညမိုင်၌ စုရပ်ပြုလုပ်ကာ နံနက် ၇ နာရီတွင် ယာဉ်များ စတင်ထွက်ခွာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက ပြောသည်။

အဆိုပါ (၈) ကြိမ်မြောက် ကျင်းပသည့် ခရီးစဉ်အား ဇန်နဝါရီ ၇ ရက်မှ ၁၆ ရက်အထိ ၁ဝ ရက်ကြာ ပြုလုပ် သွားမည်ဖြစ်ပြီး ရန်ကုန်မြို့၌ ခရီးစဉ်စတင်သည့် ဇန်နဝါရီ ၇ ရက်မှ စတင်၍ မန္တလေး၊ မိုးညှင်း၊ အင်းတော်ကြီးနှင့် ဖားကန့်မြို့တို့ကို သုံးရက်ကြာခရီးကြမ်း မောင်းနှင်ဖြတ် သန်းမည်။ ဇန်နဝါရီ ၁၁ ရက်တွင် မြစ်ကြီးနားမြို့မှ ပူတာအိုမြို့သို့ ဆက်လက်ထွက်ခွာကြမည်ဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်တွင် ပူတာအို မြို့၌ တစ်ရက်တာ ရပ်နားမည်ဖြစ်ကာ ဇန်နဝါရီ ၁၃ ရက်တွင် မြစ်ကြီးနားမြို့သို့ ပြန်လည် ထွက်ခွာကြမည်ဖြစ်သည်။

ဆက်လက်၍ ဗန်းမော်၊ မဘိန်း၊ မိုးမိတ်၊ မိုးကုတ်၊ ဟိုခို၊ ဆမ္မဆယ်၊ နောင်ချို၊ ရပ်စောက်၊ ညောင်ရွှေ၊ ပင်လောင်းမြို့ နှင့် နေပြည်တော်တို့ကို လေးရက်ကြာ ဖြတ်သန်းမောင်း နှင်၍ ရန်ကုန်မြို့သို့ ဇန်နဝါရီ ၁၆ ရက်တွင် ပြန်လည်ရောက် ရှိမည်ဖြစ်သည်။ အဆိုပါ လမ်းကြောင်းမှာ အသွားလမ်း ကြောင်းနှင့်မတူဘဲ တစ်မူကွဲပြားသည့်လမ်းဖြစ်ပြီး နာမည် ကျော် ပတ္တမြားမြေကို ထည့်သွင်းထားကြောင်း သိရသည်။

ခရီးစဉ်တစ်လျှောက်၌ ကိုယ်တိုင်မောင်းနှင်၍ ဒေသန္တရ ဗဟုသုတ ရှာမှီးရင်း ခရီးရှည်၊ ခရီးကြမ်းမောင်းနှင်နိုင်သည့် ကား ခုနစ်စီး၊ အဖွဲ့ဝင်၂၄ ဦးတို့ လိုက်ပါမောင်းနှင်ကြမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသအသစ်များကို လူအများ ပိုမိုသိရှိစေရန်နှင့် ကုန်းလမ်းခရီးဖြင့် လွယ်ကူစွာသွားနိုင် သည်ကို သိရှိစေရန်အတွက် (၈)ကြိမ်မြောက် (Journey To The North) ခရီးစဉ်ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရ သည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် (၇) ကြိမ်မြောက် ခရီးစဉ်၌ အဖွဲ့ဝင် ၆၅ ဦး ပါဝင်သော 4WD ယာဉ်တန်း ၁၉ စီးဖြင့် သွားရောက်ခဲ့ကြပြီး ၎င်းခရီးစဉ်အတွင်း နာဂဒေသ၏ ရိုးရာ ပွဲတော်ကို ရောက်ရှိခဲ့ကြကြောင်း သိရသည်။

သတင်း- ပွင့်သစ္စာ
ဓာတ်ပုံ -စိုးမြင့်အောင်