Skip to main content

၂၀၁၉-၂၀၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်မှ ၆၉ ဦး ဝင်ရောက်ဖြေဆိုမည်

မန္တလေး မတ် ၈

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေး ဗဟိုအကျဉ်းထောင်၌ အကျဉ်းကျလျက်ရှိသည့် ကျောင်းသား ကျောင်းသူ ၆၉ ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းနှင့် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများတွင် ဝိဇ္ဇာ ဘာသာတွဲ ဖြေဆိုမည့်သူ ၅၉ ဦး၊ သိပ္ပံဘာသာတွဲ ဖြေဆိုမည့်သူ ငါးဦးနှင့် ဝိပ္ပံဘာသာတွဲ ဖြေဆိုမည့်သူ ငါးဦး ပါဝင်ကြောင်းသိရသည်။

စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ များအား အကျဉ်းထောင်အတွင်းသီးခြားဆောက်လုပ်ထား သည့် စာသင် ဆောင်တွင် ဘွဲ့ရပြီး အကျဉ်းသား အကျဉ်းသူ ဆရာ ဆရာမများနှင့် အမှတ်(၂၅) အခြေခံပညာ အထက် တန်းကျောင်းမှ ဆရာ ဆရာမများက သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကိုယ်ပိုင်ကျောင်းများမှ ဆရာ ဆရာမများက ပညာဒါနအဖြစ် လာရောက်ပို့ချခြင်းနှင့် တက္ကသိုလ်များမှပါမောက္ခများ၊ ကထိကများက အမှတ်ပေး စည်းမျဉ်းများအကြောင်း လာရောက်ရှင်း လင်းပြောကြား ခြင်းများလည်းရှိကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ ပညာသင်ကြားရာတွင် စိတ်ဖိစီးမှုမရှိစေရန် ထောင်အဝတ်အစား မဝတ်ဆင်စေဘဲ အခြေခံပညာ ကျောင်းများတွင် သတ်မှတ်ထားသော အင်္ကျီ အဖြူနှင့် လုံချည်အစိမ်းကို ဝတ်ဆင်ခွင့်ပြုထားကြောင်း၊ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ရရှိရန်အတွက် လည်း ပြင်ပမှ စေတနာရှင်များနှင့် အကျဉ်းဦးစီးဌာနတို့ ပူးပေါင်း၍ ရာနှုန်းပြည့် စီစဉ်ဆောင် ရွက် ပေးထားကြောင်း၊ ထို့အပြင် စာကျက်ချိန်ပိုမိုရရှိစေရန် အိပ်ယာဝင်ချိန်ကိုနောက်ကျ၍ သတ်မှတ်ပေးထားပြီး ဖြည့်စွက် အာဟာရ ကျွေးခြင်းကိုလည်း ဆောင်ရွက်ပေးကြောင်း သိရသည်။

မန္တလေး ဗဟိုအကျဉ်းထောင်ထောင်ပိုင်ကြီး ဦးမျိုးဌေး က "အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံရနေရတဲ့ ကလေးတွေထဲက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ နိုင်ငံတော်က ချမှတ်ပေးထားတဲ့ မူဝါဒအပေါ် တိုက်ရိုက် တာဝန်ရှိသူတစ်ယောက်အနေနဲ့ အကောင်းဆုံး ဆောင် ရွက်ပေးထားပါတယ်၊ အောင်ချက် ရာခိုင်နှုန်းကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက် နေပါတယ်။ သူတို့ရဲ့ အောင်မြင်မှုကိုလည်း မိဘအရင်း တစ်ယောက်လို ဝမ်းသာပီတိဖြစ်မိပါတယ်"ဟု ပြော သည်။

အကျဉ်းထောင်များတွင် ပညာရေးတစ်ပိုင်းတစ်စနှင့် အကျဉ်းကျခံရနေသည့် တက္ကသိုလ်ဝင်တန်းရောက်ကျောင်းသား ကျောင်းသူ များ စာမေးပွဲဖြေဆိုခွင့်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်ခွင့်ပြုပေးခဲ့ရာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်က မန္တလေး အိုးဘို အကျဉ်းထောင်မှ ကျောင်း သား ကျောင်းသူ ၇၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ၄၄ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ပညာရေးတွင်လည်း စာပေးစာယူဖြင့် ပထမနှစ်တွင် ၁၃ ဦးနှင့် ဒုတိယနှစ်တွင် နှစ်ဦး ဝင်ရောက် ဖြေဆိုခဲ့ရာ ရာနှုန်း ပြည့် အောင်မြင်ခဲ့ကြောင်း သိရပြီး စာမေးပွဲအတွက် အကျဉ်းထောင်အတွင်းရှိ စာသင်ဆောင် တွင် စာဖြေဌာနတစ်ခုဖွင့်လှစ်ပြီး အခြေခံပညာဦးစီးဌာနမှ ဆရာ ဆရာမများက စာစစ်မှူးနှင့် အခန်းစောင့်များအဖြစ် ဆောင်ရွက်ပေးမည်ဟု သိရသည်။

တင်မောင်(မန်းကိုယ်ပွား)