ဘားအံ မတ် ၉
ကရင်ပြည်နယ်အတွင်း ရှေးပဝေသဏီကတည်းက တိုင်းရင်းသားလူမျိုးများ အေးအတူပူအမျှအတူတကွ စုစည်းနေထိုင်လာခဲ့ကြရာ ယမန်နေ့ တပေါင်းလပြည့်နေ့တွင် ကျရောက်သော (၄၀)ကြိမ်မြောက် ကရင်ပြည်နယ် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား ကို ဘားအံ မြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ မဲဘောင်ကျေးရွာတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက် အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာပတိ ဦးခွန်ဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သော သဝဏ်လွှာကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဖတ်ကြားကာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့သော သဝဏ်လွှာကို ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်က ဖတ်ကြားသည်။
ထို့နောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင် တင်ပြသည့်စာတမ်းကို ပအိုဝ်းဘာသာဖြင့် ဖတ်ကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးများက ဘွဲ့တံဆိပ်တော်ရ ပအိုဝ်းဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်၍ ဂုဏ်ပြုခံအထင်ကရ သက်ကြီးပအိုဝ်းခေါင်းဆောင်များ၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများနှင့် ပအိုဝ်းအနုပညာထူးချွန်ဆု ရရှိသူတို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ပအိုဝ်းလူမျိုးများသည် ဘာသာတရားကို ကိုင်းရှိုင်းသည့် တိုင်ရင်းသားများဖြစ်ကာ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်တွင် အများဆုံးနေထိုင်၍ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်၊ ဖာပွန် မြို့နယ်တို့တွင်လည်း ပျံနှံ့နေထိုင်ကြကြောင်း၊ ကရင်ပြည်နယ်အဆင့် ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းတိုင်းရင်း သားများနေထိုင်ရာ မြို့ရွာများတွင် တစ်နှစ် တစ်ကြိမ် လှည့်လည်ကျင်းပလေ့ရှိပြီး ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် အလိုက်ကျင်းပခြင်းများလည်းရှိကြောင်း၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ ဓလေ့ရိုးရာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် သမိုင်းကို ထိန်းသိမ်းမြှင့်တင်လိုသော၊ ဇာတိသွေး ဇာတိမာန် စိတ်ဓာတ်များ၊ အမျိုးသားရေး စိတ်ဓာတ်များ ရှင်သန်ထက်မြက်၍ နိုင်ငံကို ချစ်မြတ်နိုးတက်သော စိတ်ဓာတ်များ အစဉ်ကိန်းအောင်းနေစေရန် ရည်ရွယ်၍ ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပခြင်းဖြစ်ပြီး (၄၀)ကြိမ်မြောက် ကရင်ပြည်နယ်ပအိုဝ်း အမျိုးသားနေ့ ပွဲတော်တွင် မုခ်ဦးဖွင့်ပွဲ၊ စင်တင်တေးဂီတဖျော်ဖြေပွဲ၊ ပအိုဝ်းအမျိုးသားနေ့အခမ်းအနား၊ ပအိုဝ်းရိုးရာယဉ်ကျေးမှု ပြိုင်ပွဲနှင့် ဖျော်ဖြေပွဲများ၊ ပျော်ပွဲရွင်ပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပအိုဝ်း တိုင်းရင်းသားလူမျိုးများနှင့်အတူ အတူတကွ လက်တွဲတိုင်နေထိုင်ကြသည့် ကရင်၊ မွန်၊ ဗမာ၊ ရှမ်း အစရှိသည့် တိုင်းရင်းသားလူမျိုးလည်း ပူးပေါင်းပါဝင်ဆင်နွဲခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)