ညောင်ရွှေ မတ် ၉
ပအိုဝ်းအမျိုးသားနေ့ပွဲတော် အခမ်းအနားကို မတ် ၈ ရက် (တပေါင်းလပြည့်နေ့) ညနေ ၄ နာရီခွဲအချိန် က ညောင်ရွှေမြို့နယ် တောင်ခြေကျေးရွာအုပ်စုရှိ ပတ္တမြားနဂါး သကြားစက်ရုံကွင်းပြင်၌ ကျင်းပ ကြောင်း သိရသည်။
ရှေးဦးစွာ ပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းနှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးခင်မောင်အုန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပအိုဝ်းတိုင်းရင်းသား၊ တိုင်းရင်းသူများက ပအိုဝ်းသွီး နှင့် ခမ်းရင်းသား သီချင်းသီဆို၍ ဖွင့်လှစ်သည်။ ဆက်လက်၍ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က အမှာစကားပြောကြားသည်။ ထို့နောက် ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးခွန်ဆန်းအောင်က ပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြသည်။ ထို့ပြင် ယမန်နေ့ နံနက်ပိုင်းတွင်လည်း ညောင်ရွှေမြို့တွင်းသို့ စုပေါင်း၍ အလှူပဒေသာ ပင်များ လှည့်လည်ခဲ့ကြောင်း သိရသည်။
(နေမျိုးသူရိန်)