ရေဦး မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးခင်မောင်မြင့်၊ သစ်တောဦးစီးဌာန၊ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျန်းမာရေးကုသရေးဦးစီးဌာန၊ အပူပိုင်း ဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာန အကြီး အကဲများလိုက်ပါလျက် ယမန်နေ့ နေ့လယ် ၁ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဒေသခံလူထုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီး ဦးသန်းညွန့်ဝင်းက“ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် အစိုးရချည်းလုပ်ဆောင်၍မရကြောင်း၊ ပြည်သူက ပူးပေါင်းဆောင်ရွက်မှုရှိမှသာလျှင် ဖွံ့ဖြိုးလာမှာဖြစ်သလို အများမျှော်လင့်တောင့်တလျက်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် နိုင်မှာဖြစ်ကြောင်း၊ အားလုံးညီညွတ်ရမယ် ကိုယ့်တာဝန်ကိုယ်ကျေပွန်ရမယ်၊ တစ်ဦးနှင့်တစ်ဦး အပြစ်မပြောပါနှင့် မတွက်ကပ်ပါနှင့် မိမိကျေးရွာ ဖွံ့ဖြိုးရေးအတွက် တိုင်ပင်ပါ၊ ဆွေးနွေးပါ၊ အကြံဉာဏ်တွေပေးပါ၊ တွဲလက်ညီညာစွာဖြင့် လက်တွဲ မဖြုတ်ဘဲ ပန်းတိုင်အရောက် ဆက်လက်ချီတက်သွားကြပါစို့” ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးမြင့်ထွေးတို့က လွှတ်တော်အတွေ့အကြုံများနှင့် ခေတ်စနစ် သို့မဟုတ် ပြောင်းလဲမှု သဘောတရားများကိုလည်းကောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ပြည်သူကိုဗဟိုပြုသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ မြေခွန်၊ မြို့မြေငှားဂရမ်၊ ယစ်မျိုးခွန် အရက်ဖြူ လိုင်စင် အပါအဝင် ဓာတ်သတ္ထုခွန်၊ ရေခွန်အပါအဝင် လိုင်စင် ၁၈ မျိုးကောက်ယူခြင်း ဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်နိုင်က လတ်တလောဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်းနှင့် အဆိုပါရောဂါပိုး၏ ရာဇဝင်ကို တိကျစွာ မဖော်ထုတ်နိုင်ကြောင်း၊ စံသတ်မှတ်ချက်ထားပြီး သံသယလူနာအဖြစ်သာ သတ်မှတ်ထားကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံကို သွားဖူးသူ လည်ချောင်းနာ ရင်ဘတ်အောင့်ခြင်း ဖျားနာခြင်း ချောင်းဆိုးခြင်း၊ ရုတ်တရက်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခုဖြစ်ပွားပါက နီးစပ်ရာ သို့မဟုတ် သက်ဆိုင်ရာကျန်းမာရေးဌာနနှင့် ပြသစစ်ဆေးကု သမှုခံယူသင့်ကြောင်း၊ ရေဦးမြို့နယ်အနေဖြင့် ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မျှ မတွေ့ရသေးကြောင်း၊ အဆိုပါရောဂါကို အထိရောက်ဆုံး ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းမှာ လက်ကိုမကြာ ခဏဆေးပါ။ အတတ်နိုင်ဆုံး လူထူထပ်သော နေရာမသွားရန်၊ မဖြစ်မနေသွားရပါက Mask တပ်ဆင်သွားပါ၊ နှာစေးချောင်းဆိုးလျှင် လက်ကိုင်ပုဝါ အသုံးပြုရန် အရေးကြီးကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ ကျေးလက်လမ်းနှင့် ကျန်းမာရေးဌာန ဆေးပေးခန်းထားရှိပေးနိုင်ရေး တင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီး ဦးသန်းညွန့်ဝင်းက ကျေးလက်လမ်းကို မကြာမီရက်ပိုင်းအတွင်း စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဒေါက်တာအောင်ကျော်နိုင်က ကျေးလက် ကျန်းမာရေးဌာန ဆောက်လုပ်နိုင်ရေး ကျေးရွာ မြေလွတ် မြေလပ် နေရာရှိမှသာ အဆင်ပြေမည်ဖြစ်ပါကြောင်း မြေနေရာရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်တင်ပြတောင်းခံပေးသွားမည်ဟု ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သန်းသန်း (ရေဦး)