Skip to main content

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုင်ဗားဆည်မှ ဖလမ်းမြို့သို့ ရေပေးဝေရေး ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဖလမ်း မတ် ၉

ပြည်ထောင်စုသီးသန့်ရန်ပုံငွေ ကျပ်သန်း(၅၀၀၀)ဖြင့် Authentic Construction Company Ltd. က ဆောင်ရွက်သော လိုင်ဗားဆည်မှ ဖလမ်းမြို့သို့ ရေပေးဝေရေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီက ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်၊ မြန်မာ့ဆက်သွယ်ရေး ရုံးအနီးရှိ အမှတ်(၄) ဂါလံ(၁)သိန်းဆံ့ ရေလှောင် ကန်ရှေ့ ၌ ပြုလုပ်သည်။

ရှေးဦးစွာ သိက္ခတော်ရဆရာတော် Rev.Dr Joel Za Hlei Kap က ဆုတောင်းဆက်ကပ်ပေးပြီး ဖလမ်းမြို့ အခြေခံပညာကျောင်းသား/သူများက ဘင်ခရာ၊ အေးရိုးဗစ်၊ ပန်းပွားနှင့် Fitness အဖွဲ့မှ ဖျော်ဖြေ တင်ဆက်ကြသည်။ ထို့နောက် လိုင်ဗား-ဖလမ်း ရေပေးဝေရေးဖွင့်ပွဲအခမ်းအနား မုဒ်ဦးအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးရာလ်နှင်နှင့် ဖလမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဦးထန်ကီးယိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။ ယင်းနောက် ချင်းပြည်နယ် ဝန်ကြီးချုပ်က ရေပေးဝေရေ ကမ္ဗည်းကျောက်စာတိုင်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဗည်း ကျောက်စာတိုင်အား အမွှေးနံ့ သာရည်တို့ဖြင့်  ပက်ဖြန်းပေးကြသည်။

ဆက်လက်ပြီး ရေးပေဝေရေးဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး မြို့မိမြို့ဖဒုတိယဥက္ကဋ္ဌ ဦးရူလ်ဇမ်းက ကျေးဇူးတင် စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းသည်။

ဖလမ်းမြို့ ရေပေးဝေရေးလုပ်ငန်းစီမံကိန်းအတွက် ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်မှစ၍ ပြည်ထောင်စု သီးသန့်ရန်ပုံငွေကျပ်သန်း(၅၀၀၀)ဖြင့် Authentic Construction Company Ltd.က လိုင်ဗားရေလှောင်တမံမှ ဖလမ်းမြို့အထိ ရေပိုက် လိုင်းသွယ်ယူခြင်း၊ ဆောင်ရွက်မည့်ပိုက်လိုင်းလမ်းကြောင်းများ၊ ပိုက်အရွယ်အစား၊ ပိုက်အမျိုးအစားနှင့် ဂါလံ(၁)သိန်း ဆံရေလှောင်ကန်(၄)လုံးအား သတ်မှတ်ထားသည့် အရွယ်အစားအတိုင်း လုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့ရာ ဖလမ်းမြို့အတွင်းသို့ ရေရောက်ရှိပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊  အရပ်ဖက်အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။

တလွန်းအာ(ပြန်/ဆက်)