Skip to main content

မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်၀တ္ထုရှည် အတွဲ (၄)၊ အတွဲ (၅)၊ အတွဲ (၆) စာအုပ်များ ထုတ်ဝေဖြန့်ချိ

ရန်ကုန် ဇန်နဝါရီ ၅

မြန်မာစာပေသမိုင်းတွင် ပုဂံခေတ်မှစ၍ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သော ဂန္ထဝင် မြောက် သုတ၊ ရသ စာကောင်းပေမွန်များကို စာဖတ်ပရိသတ်လက်သို့ တစုတစည်းတည်း ပေးအပ်လိုသော ရည်ရွယ်ချက်၊ မြန်မာစာပေလက်ရာကောင်းများ အဓွန့် ရှည်စွာ မပျောက်ပျက်အောင် ထိန်းသိမ်းရေး ရည်ရွယ်ချက်၊ အများပြည်သူ ဉာဏ်ပညာ မြင့်မားလာစေရန်နှင့် လူငယ်များ မြန်မာ စာပေကို ချစ်မြတ်နိုးလျက် စာပေဖတ်ရှုသော အလေ့အထတိုးပွားစေရန် ရည်ရွယ် ချက်တို့ဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်သည် မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ် များကို ထုတ်ဝေလျက်ရှိသည်။

မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်များတွင် ၂၀ ရာစု မြန်မာစာပေအတွင်းမှ ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ၊ ပြဇာတ်၊ ရသစာတမ်း၊ သုတပဒေသာ(ဝိဇ္ဇာ၊ သိပ္ပံ)၊ ယဉ်ကျေးမှုနှင့် အနုပညာ၊ နိုင်ငံရေး၊ သမိုင်း၊ တိုင်းရင်းသား ဆိုင်ရာ ဘာသာရပ်များအပါအဝင် သုတရသ အကောင်းဆုံးစာအုပ်များကို ရွေးချယ်စုစည်း ထုတ်ဝေသွားမည်ဖြစ်သည်။ ထို့ပြင် မြန်မာ စာပေ စတင်ထွန်းကားခဲ့သည့် ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အချိန်ခန့်အထိ ထွက်ပေါ်ခဲ့ သော ရှေးဟောင်းစာပေများအတွင်းက ခေတ် လူငယ်များ အတွက် အကျိုးပြုမည့် စာပေ များကိုလည်း ထုတ်ဝေမည်ဖြစ်သည်။

ယင်းစာအုပ်တွဲများကို စာပေပညာရှင် များ၊ စာရေးဆရာများ၊ စာပေသုတေသီများ၊ စာကြည့်တိုက်ပညာရှင်များပါဝင်သော စိစစ်ရွေးချယ်ရေးအဖွဲ့များက မိမိကျွမ်းကျင်ရာ ဘာသာရပ်ကဏ္ဍအလိုက်စုဖွဲ့လျက် အချိန်ယူ လေ့လာဖတ်ရှု ရွေးချယ်ခဲ့ကြ သည်။ မြန်မာ စာပေသမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော စာပေအမျိုးမျိုးထဲမှ ရည်ရွယ်ချက်နှင့် အကြောင်းအရာအရသော်လည်းကောင်း၊ အရေးအဖွဲ့အရသော်လည်းကောင်း စာဖတ် ပရိသတ်များ၊ စာပေလေ့လာသူများက စာပေလက်ရာမွန်အဖြစ် မှတ်တမ်းတင် အသိအမှတ်ပြုခဲ့ကြရသော သုတ၊ ရသစာပေ များကို ရွေးချယ်လျက် စုစည်းထုတ်ဝေသည်။ ဤစာစဉ်တွဲများမှတစ်ဆင့် မြန်မာ့အတွေး အခေါ်၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ထုံးဓလေ့ အစဉ်အလာများနှင့် မြန်မာစာပေ မြင်ကွင်း တစ်ခုလုံးကို ဖြန့်ကြက်ရှုမြင်နိုင်လိမ့်မည်။

စာဖတ်သူတို့ကို ဘ၀အသိအမြင်မြင့်မား စေရေးအတွက် ခံစားနှစ်သက်မှု "ရသ" ကို ဖော်ကျူးပေးစွမ်းမည့် မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်၀တ္ထုရှည်အတွဲ (၁)၊ အတွဲ (၂) နှင့် အတွဲ (၃) တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။

ယခုအခါ မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ် ဝတ္ထုရှည်စာစဉ်အတွဲ ၄၊ ၅၊ ၆ တို့ကို မကြာမီ ထုတ်ဝေဖြန့်ချိတော့မည်ဖြစ်ပါသည်။ ဝတ္ထု ရှည် စာစဉ်အတွဲ (၄) တွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးရေးသားသည့် တပင်ရွှေထီးဝတ္ထု တော်ကြီး (၁၉၂၄)၊ အတွဲ (၅) တွင် ရွှေစကြာ ဦးစိုးမြင့်ရေးသားသည့် နားခံတော်ဝတ္ထု(၁၉၃၂) နှင့် ဇဝနရေးသားသည့် ကောလိပ်ကျောင်းသား ဝတ္ထု (၁၉၃၅)၊ စာစဉ်အတွဲ (၆) တွင် မဟာဆွေ ရေးသားသည့် တို့မေမေဝတ္ထု (၁၉၃၅)နှင့် သခင်ဘသောင်းရေးသားသည့် ပန်းသာမစာအု ဝတ္ထု(၁၉၃၇)တို့ ပါဝင်သည်။ ဝတ္ထုရှည် အတွဲများအတွက် ဆရာမောင်ခင်မင် (ဓနုဖြူ)၊ ဆရာမိုးဇံ၊ ဆရာမမမိုးမြေတို့က စာစဉ်တွဲနိဒါန်း များကို သေသပ်လှပစွာ ရေးသားထားပါသည်။ ယင်းဝတ္ထုများသည် မြန်မာ့ပုံရိပ်၊ မြန်မာ့ စိတ်ထား၊ မြန်မာတို့၏ ဘဝအတွေ့အကြုံများ ကို ဖော်ကျူးထားသည့် ရသစာပေကောင်း စာအုပ်များ ဖြစ်သည်။

၀တ္ထုရှည်ဘာသာရပ်များကို အတွဲ ၇၊ ၈၊ ၉ စသည်ဖြင့် ၃၀ တွဲခန့်အထိ ဆက်လက် ထုတ်ဝေမည်ဖြစ်ပြီး ဝတ္ထုတို၊ ကဗျာ၊ ပြဇာတ် စသည်ဖြင့် ရသစာပေစာအုပ်တွဲများကိုလည်း ဆက်လက် ထုတ်ဝေသွားမည်ဖြစ်သည်။ မိသားစုများ၊ စာကြည့်တိုက် များ၊ အဖွဲ့အစည်း များ၊ ကုမ္ပဏီများ၏ စာအုပ်စင်များတွင် ခံ့ညား တင့်တယ်စွာထားရှိ ဖတ်ရှုနိုင်ရန်အတွက် စာမျက်နှာ ၇၀၀ ခန့်ပါ ခန့်ချုပ်ဖြင့် အဆင်အပြင် လှပသပ်ရပ်စွာ စီစဉ်ထုတ်ဝေထားသည်။

မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်ဝတ္ထုရှည် တွဲများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းမှ စတင်လျက် တစ်တွဲလျှင် ၁၂၀၀ဝိ− (တစ် သောင်းနှစ်ထောင်ကျပ်နှုန်း)၊ ကိုယ်စားလှယ် နှုန်း ၁၅ ရာခိုင်နှုန်းလျှော့ဖြင့် ရန်ကုန်မြို့ အမှတ် ၅၂၉ - ၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ အမှတ် တ-၅၅ သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း- ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်း နှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း-၀၂-၄၀၃၀၁၈၆ တို့မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

ကြေးမုံ