Skip to main content

အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အဆင့်မြင့်မော်တာအပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနား ကရင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြား

ဘားအံ ဇန်နဝါရီ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အဆင့်မြင့်မော်တာအပ်ချုပ်စက် သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဘားအံမြို့ လှာကမြင်(ကွက်သစ်) ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းထူးချွန်ဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖါးပြကျေးရွာမှ နော်ဖေါဘူးဘူးနှင့် ဘားအံမြို့နယ် အီဟယ်လေး ကျေးရွာမှ မချစ်ချစ်တို့အား အပ်ချုပ်စက်တစ်စုံစီနှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အဆိုပါ သင်တန်းကို ကရင်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်းသူ ၂၀ ဦးက ရက်သတ္တပတ် ၅ ပတ်ကြာ တက်ရောက် ခဲ့ကြကြောင်း၊ သင်တန်းတွင် တက္ကသိုလ်ရင်ဖုံးအင်္ကျီ၊ မြန်မာခါးတိုရင်ဖုံးလက်လျောအင်္ကျီ၊ တဆက်တည်း လည်ထောင်ရင်စေ့၊ နောက်ကွဲဖြတ်ဆက်၊ ပုခုံးပျောက်အင်္ကျီ၊ ကုတ်အင်္ကျီ၊ သတို့သမီးရင်ခံ၊ သတို့သမီးအပေါ်ထပ်၊ ထိုင်မသိမ်း (ပတ်ထမိန်)ချုပ်နည်းများကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်း သင်တန်းသူများ၏ လက်ရာများကို လိုက်လံ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)