Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆက်လက် ကြည့်ရှုစစ်ဆေး

မုံရွာ ဇန်နဝါရီ  

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၇)နာရီက မုံရွာမြို့ ဂေါက်ကွင်းတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ် ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဉီးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပါ ဂေါက်ကွင်းမြက်ခင်းပြင်တွင် တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ မုံရွာ၊ မော်လိုက်၊ ကလေး၊ ကသာ၊ တမူး၊ ရွှေဘို၊ ကောလင်း၊ ဟုမ္မလင်း စသည့် ခရိုင်နှင့်မြို့နယ်များမှ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ ပါဝင်သော ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အသင်း(၂၀)တို့မှ အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၀ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် တာဝန်ရှိသူများက Lucky ဂေါက်သီး(၃)လုံးကို ရိုက်ပေးပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးခဲ့သည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်နေ့မှ (၆) ရက်နေ့အထိ နှစ်ရက်တိတိ ယှဉ်ပြိုင်ကာ ဆုရရှိသူ အသင်းများအား ထိုက်ထိုက်တန်တန် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုံရွာနှင့် စစ်ကိုင်းခရိုင် ချင်းဆက်လမ်းပေါ်ရှိ မုံရွာမြို့နယ် ညောင်ပင်တဲကျေးရွာ ရိုးဆုံချောင်းတံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ ဒေသခံပြည်သူများက သောင်းသောင်း ဖြဖြကြိုဆိုခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခင်က ရိုးဆုံချောင်း တံတားဟာ ဓမ္မစေတီ ဆရာတော် ဦးပညာဝရ ဉီးစီးဖောက်လုပ်ခဲ့တဲ့ စစ်ကိုင်းခရိုင်နဲ့ မုံရွာခရိုင် ဆက်သွယ်သော ငါးကင်း-ကံသုံးဆင့်-မလဲသာ-ကံရင်း-ဝါကျ-ရှားပေါက်တာ-ညောင်ပင်တဲ-ကျောက္ကာ(တ) ကျေးရွာချင်းဆက် လမ်း (၂၀)မိုင် (၆ဒသမ၅)ဖာလုံပေါ်မှာ တည်ရှိကြောင်း၊

အဆိုပါလမ်းပေါ်မှာ ကွန်ကရစ်တံတား(၇)စင်း၊ Box Culvert (၁)စင်းနဲ့ ရေကျော်(၂)စင်း ရှိသည်ဟု သိရှိရကြောင်း၊   ယနေ့ဖွင့်လှစ်သည့်  ရိုးဆုံချောင်းကူးတံတားအရှည်(၆၀)ပေ၊ အကျယ်(၂၅)ပေနဲ့ အမြင့်(၁၈) ပေရှိပြီး ဉီးဝင်းမော်+ဒေါ်ခင်ခင်လေး Forever Group Co,.Ltd မှ ငွေကျပ်သိန်း(၁၅၀၀) အကုန်ကျခံ ဆောက်လုပ်လှူဒါန်းထားကြောင်း၊

မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ငါးကင်း-ကံသုံးဆင့်-ကျောက္ကာ(တ) လမ်းပိုင်းများ ဖြစ်သည့် မုံရွာမြို့နယ်အပိုင်းတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ Box Culvert (၁)စင်း၊ ကျောက်ရိုးစီ ကွန်ကရစ်တံတား(၂)စင်း၊ ကုန်ကျငွေကျပ် (၃၈ ဒသမ ဝဝ)သန်း နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ ကျောက်လမ်း (၂/၂ဒသမ၇)မိုင်ကို ကုန်ကျငွေ ကျပ်(၁၄၆ ဒသမ ၆၀) သန်းဖြင့် လည်းကောင်း၊ အရာတော်မြို့နယ် အပိုင်းတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ ဂျင်းလမ်း(၀/၆)မိုင်၊ ကုန်ကျငွေကျပ်(၂၇)သန်း၊ ကျောက်လမ်း(၁)ဖာလုံ၊ ကုန်ကျငွေကျပ်(၆ ဒသမ ၆၀၀)သန်းဖြင့် လည်ကောင်း၊ မြင်းမူမြို့နယ် အပိုင်းတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ လွှတ်တော်ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း(၀/၂ ဒသမ ၅)မိုင်၊ ဂျင်းလမ်း (၀/၄ ဒသမ ၅) မိုင် နှင့် Box Culvert (၁)စင်း ကုန်ကျငွေကျပ် (၄)သန်းဖြင့် လည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ကျေးလက်လမ်းတံတားများ ကောင်းမွန်ရေးအတွက် စိတ်အားထက်သန်စွာနဲ့ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဓမ္မစေတီဆရာတော်၊ အလှူရှင်များ နှင့် ကျေးရွာပြည်သူများအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် ကျေးရွာနေ ပြည်သူများမှ လမ်း၊ တံတားများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြဖို့” တိုက်တွန်းကြောင်း  ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်မြို့ စမ်းချောင်း ဓမ္မစေတီဆရာတော်က မုံရွာ-စစ်ကိုင်း ခရိုင်ချင်းဆက်လမ်းနှင့် တံတားများအကြောင်းကို ရှင်းလင်းမွတ်ကြားခဲ့ပြီး အလှူရှင် Forever Group Co,.Ltd ဉီးဝင်းမော်က တံတားများလှူဒါန်းရခြင်းအကြောင်းတို့ကို ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ထံသို့  တံတားဖွင့်ပွဲ အထိမ်းအမှတ်အလံများကို အသီးသီး လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

ယင်းနောက် ရိုးဆုံချောင်း တံတားအား ရန်ကုန်မြို့ စမ်းချောင်း ဓမ္မစေတီဆရာတော် ဉီးပညာဝရ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ Forever Group Co,.Ltd ဉီးဝင်းမော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တံတားကဗ္ဗည်း မော်ကွန်း ကျောက်စာတိုင်တို့အား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ဒေသခံပြည်သူများနှင့်အတူ တံတားသစ်ကြီး ပေါ်သို့ ဖြတ်လျှောက်ခဲ့ကြသည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ဘင်ခရာပန်းပွားအဖွဲ့တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြပြီး ခရိုင်ချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို ဝန်ကြီးချုပ် က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားသည်  မုံရွာ-ကျောက္ကာ-မလဲသာ-ကန်ရင်း-မင်းရွာ-သလဲဘာတံတားဖြစ်ပြီး ထိုမှတစ်ဆင့် ရွှေဘို-စစ်ကိုင်း လမ်းပေါ်ရှိ ဆားတောင်လမ်းဆုံအထိ၊ ထိုမှတစ်ဆင့် ရွှေဘို-စစ်ကိုင်းလမ်းအတိုင်းမှ အုန်းတော လမ်းဆုံအထိ ထိုမှတစ်ဆင့် စစ်ကိုင်းနှင့် မုံရွာသို့ လည်းကောင်း အပြန်အလှန် သွားလာနိုင်ကြောင်း သိရသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မြင်းမူမြို့နယ် လက်ပကျင်းကျေးရွာအုပ်စု ဝါကျကျေးရွာတွင် ဓမ္မစေတီဆရာတော် ဦးပညာဝရ ဦးစီး၍ ဆောက်လုပ်သော မုံရွာနှင့် စစ်ကိုင်းခရိုင်ချင်းဆက်လမ်း သာယာအေးတံတားဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း တံတားကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အရာတော်မြို့  မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍   မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ရုံး အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရုံးခန်းအတွင်း လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)