Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာညီလာခံ အောင်မြင်စွာကျင်းပပြုလုပ် နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၆

အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန် မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာရပ်သည် အားကစားတွင် အရေးကြီးပါကြောင်း၊ အဆိုပါ ပညာရပ်ကို တိုးတက်မြင့်မားလာရန်နှင့် လေ့လာရန် အများကြီးလိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်   ဦးကျော်ဆန်းနှင့် ဦးကျော်ဦးတို့က ကြိုဆို ပြန်လည် နေရာချထားရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးဆပ်ကော်မတီကိစ္စရပ်များ၊ အားကစားဆေးဘက်ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေက အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာညီလာခံ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်း ဆွေးနွေးကြပြီး  လိုအပ်ချက်များကို တင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပေါင်းစပ်ညှိနှိုင်းပေးသည်။

(သတင်းစဉ်)