ရန်ကုန် ဇန်နဝါရီ ၆
ဒုတိယအကြိမ်မြောက် ကျင်းပမည့် "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ" (Myanmar Ethnics Culture Festival )ပွဲတော် ကြီးကို ရန်ကုန်မြို့ အရှေ့မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံကွင်း၌ ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ရာ အကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ ညနေပိုင်းတွင် ပွဲတော်ကျင်းပမည့် အရှေ့မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံ ကွင်းဝင်ပေါက် အောင်မိသားစုပွဲတော်ကျင်းပရေးရုံးခန်း၌ကျင်းပသည်။
ရှင်းလင်းပြောကြား
အကြိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ၊ အောင်မိသားစုပွဲတော်ကျင်းပရေးရုံးမှ တာဝန်ရှိသူများက ပွဲတော်ကျင်းပသွားမည့်အစီအစဉ်များကို ရှင်းလင်းပြော ကြားပြီး တက်ရောက်လာကြသော သတင်းမီဒီယာများ၏ သိလိုသည့်မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြား ကြောင်း သိရသည်။
ထိုပွဲတော်ကြီးကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း၊ ကယားပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းတို့က ဦးဆောင်ကျင်းပ ခြင်းဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
"ဒီပွဲတော်ကြီးကို စည်စည်ကားကားနဲ့ တစ်မူထူးခြားအောင် ယူနက်စကိုအသိအမှတ်ပြုခံထားရတဲ့ အမြင့်ပေ ၂၀ မြင့်တဲ့ သရပါတံခါးမုခ်ဦးကြီး ပါဝင်မယ်။ ပုဂံမြို့ အဝင် မုခ်ဦးတွေကိုပြင်ဆင်တည်ဆောက်ဖို့ ပုဂံ မြင်းကပါဒေသက ပညာရှင်တွေ၊ ဗိသုကာတွေနဲ့ မြင်းကပါဒေသမှာ လုပ်နေ ပါပြီ။ ၁၅ ပေ အမြင့်ရှိတဲ့ ကျန်စစ်သား၊ ငထွေရူး၊ ငလုံး လက်ဖယ်၊ ညောင်ဦးဖီး စတဲ့ စစ်သူကြီးလေးဦးရဲ့ ရုပ်ပုံ ရုပ်တုတွေလည်း ပါမယ်။ အဓိကကတော့ ယနေ့ခေတ် လူငယ် နောင်လာနောက်သားမျိုးဆက်သစ်တွေ သိစေဖို့ပါ။ ဒီပွဲတော်ကြီးက ပြီးခဲ့တဲ့နှစ်ကဆို လာရောက်သူ ရှစ်သိန်း ကျော်ခဲ့တယ်။ ဒီနှစ်မှာ ထူးထူးခြားခြားအစီအစဉ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပမှာဖြစ်လို့ လူဦးရေ ၁၂ သိန်း လောက်ကို လာရောက်လည်ပတ်မယ်လို့ မျှော်မှန်းထား ပါတယ်"ဟု အောင်မိသားစုပွဲတော်ကျင်းပရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမောင်က ပြောသည်။
ဆောင်ရွက်နေပြီဖြစ်
ပွဲတော်ကျင်းပနိုင်ရေးအတွက် ယခုအခါတွင် ကျိုက္ကဆံ ကွင်းကြီးကို ရှင်းလင်းဆောင်ရွက်ပြီး အဝင်မုခ်ဦးများ တည်ဆောက်ခြင်း၊ တိုင်းရင်းသားလူမျိုးစုအလိုက် ဆိုင်ခန်း နေရာများ တည်ဆောက်ခြင်း၊ အကြိုပြင်ဆင်မှုများဆောင် ရွက်ခြင်းနှင့် ပွဲတော်ကျင်းပရေးကော်မတီရုံးခန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ပါဝင်မည်
ယခုနှစ်တွင် ပွဲတော်ကျင်းပရေး ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ပါဝင်မည်ဖြစ်သည်။ ထိုဆိုင်ခန်းများတွင် တိုင်းရင်းသား ညီအစ်ကိုများ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဒေသထွက်သီးနှံများ၊ တိုင်းရင်းသားရိုးရာ အဝတ်အထည်များ၊ ရိုးရာအမှတ်အသားလက်ဆောင်များ၊ ကျန်းမာရေးအထောက်အကူပြု သဘာဝအစားအသောက် များ၊ တိုင်းရင်းသားတို့၏ အသုံးအဆောင်ပစ္စည်းများ၊ တိုင်းရင်းသားတို့၏ ပြည်တွင်းလက်မှုပစ္စည်းများ၊ ဂိမ်းကစားရန်နေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပွဲတော်ကျင်းပမည့် ကျိုက္ကဆံကွင်း ဝင်ပေါက် အနီးတွင် ပွဲတော်ကျင်းပရေးကော်မတီရုံးနှစ်ရုံးကို ဖွင့်လှစ် ထားပြီး ခင်းကျင်းပြသမည့် ဆိုင်ခန်းနေရာများ လာရောက် လေ့လာ လျှောက်ထားနေပြီဖြစ်ကြောင်း ယနေ့သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
ကြည့်ရှုလေ့လာနိုင်
ပွဲတော်လာရောက်လည်ပတ်သူများ အနေဖြင့်လည်း တိုင်းရင်းသားလူမျိုးတစ်ခုချင်းစီ၏ အကအလှများ၊ နိုင်ငံ ကျော်တေး သံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ပြခန်း များ၊ ပွဲတော်အထိမ်းအမှတ်ကစားပွဲများ၊ တိုင်းရင်းသား ရိုးရာအမှတ်တရ ဓာတ်ပုံများရိုက်ကူးရန် Photo Booth များ၊ တိုင်းရင်းသားများ၏ နေထိုင်မှုပုံစံများ၊ မတူကွဲပြား သော ဝတ်စားဆင်ယင်မှုများနှင့် အထင်ကရနေရာများကို တည်းဖြတ်ဖော်ပြထားသော Virtual Reality နှင့် Augmented Reality နည်းပညာပြခန်းများကို တစ်နေရာ တည်းတွင် တစုတစည်းတည်း ခံစားကြည့်ရှုလေ့လာနိုင် မည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်