ရန်ကုန် ဇန်နဝါရီ ၆
လယ်ယာကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်မည့် "ဆုဆွေ" ရေရှည်တည်တံ့စိုက်ပျိုးရေး ဖောင်ဒေးရှင်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ် မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးပြတိုက်၌ ကျင်းပသည်။
တောင်သူလယ်သမားများအတွက် ရေရှည်တည်တံ့ အထွက်တိုးပြီး လူထုကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို မထိခိုက်စေသည့် စိုက်ပျိုးရေးနည်းစနစ်များကို စဉ်ဆက်မပြတ် ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ဖောင်ဒေးရှင်းကို တည်ထောင်ခြင်းဖြစ်ကြောင်း ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသိန်းဆုက မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားသည်။
စဉ်ဆက်မပြတ် ပို့ချနိုင်ရန်
ဖောင်ဒေးရှင်းအနေဖြင့် ရေရှည်တည်တံ့စိုက်ပျိုးစနစ်များကို တောင်သူလယ်သမားများကို စဉ်ဆက်မပြတ် ပို့ချနိုင်ရန်အတွက် ဆရာဖြစ်သင်တန်းများပေးခြင်း၊ စံပြကွက်များ ပြုလုပ်ခြင်း၊ သုတေသနများလုပ်ဆောင်ခြင်း၊ ပညာပေးစာအုပ်စာစောင်များ ထုတ်ဝေဖြန့်ချိခြင်း၊ ပညာပေးဗီဒီယိုများ ထုတ်လုပ်ဖြန့်ချိခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြည်တွင်း ပြည်ပလေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးခြင်း စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဥက္ကဋ္ဌက ရှင်းပြသည်။
များစွာအကျိုးရှိ
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့မှ တောင်သူ ဦးသက်ဆွေက "ဆရာကြီး ဦးသိန်းဆုက ဒီဖောင်ဒေးရှင်း မထူထောင်ခင် ကတည်းက ကျွန်တော်တို့ရွာမှာ ဒီဖောင်ဒေးရှင်းထဲက စိုက်ပျိုးရေးနည်းစနစ်တစ်ခုဖြစ်တဲ့ ဂေဟစနစ်မပျက်စီးအောင် ရေရှည်စိုက်ပျိုးလို့ရမယ့် နည်းစနစ်တစ်ခုကို သင်တန်းလာပေးခဲ့ပါတယ်။ အခု အဲဒီ နည်းစနစ်အတိုင်းစိုက်တာ တစ်ဧကကို ၁၂ တင်း အထွက် တိုးခဲ့တယ်။ သဘာဝပတ်ဝန်းကျင်ရာသီဥတုနဲ့လည်း လိုက်လျောညီထွေမှုရှိတဲ့အတွက် များစွာအကျိုးရှိပါတယ်။ အခုလို ဖောင်ဒေးရှင်းထူထောင်ပြီး တောင်သူတွေကို ရေရှည်တည်တံ့တဲ့စိုက်ပျိုးရေးနည်းစနစ်တွေ ဖြန့်ဝေ သင်ကြားပေးမယ် ဆိုတာသိရတော့ အတိုင်းမသိဝမ်းသာပါ တယ်"ဟု ရင်တွင်းစကားဆိုသည်။
"ဆုဆွေ"ရေရှည်တည်တံ့စိုက်ပျိုးရေးဖောင်ဒေးရှင်း အနေဖြင့် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး တန့်ဆည်မြို့၌ ရေရှည်တည်တံ့စိုက်ပျိုးစနစ် တောင်သူလယ်သမား ဆရာဖြစ်သင်တန်းကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းမှတစ်ဆင့် ဆင့်ပွား သင်တန်းများကိုလည်း ဆက်လက်ပို့ချပေးသွားမည် ဖြစ်ကြောင်း ၎င်းဖောင်ဒေးရှင်းမှ သိရသည်။
သတင်းနှင့်ဓာတ်ပုံ-အေးမင်းသူ