ကဗျာသည် ငြိမ့်ညောင်း၏။ လှပသော သံစဉ်လေးများပါဝင်၏။ အေးငြိမ်းစွာ လှုပ်ခတ်နေသည်။ ချစ်စရာ စာလုံးလေးများ စုစည်းထားပါ၏
စည်းလုံးမှုသည် နှစ်သက်စရာကောင်း၏။ ညီညွတ်မှုတွေပါဝင်နေ၏။ ပေါင်းစည်းမှုများ သက်ဝင်၏။ အင်အားပြည့်ဝနေ၏။
မြန်မာနိုင်ငံဟု ခေါ်ဝေါ်သော နယ်နိမိတ်မြေပုံလေးကပင် အချိုးကျလှပ နေ၏။ ကုန်း၊ ရေ၊ မြေ၊ တောတောင်ဆက်စပ်မှုဖြင့် ကာရံထားမှုကပင် အလှ တစ်ခုဖြစ်နေ၏။
ယဉ်ကျေးမှုတွင်လည်း သိမ်မွေ့မှု ဓလေ့ထုံးစံများဖြင့် အလှတွင် အယဉ် ဆင့်ထားပြန်၏။
ဘာသာတရားအဆုံးအမများကလည်း နှစ်လိုဖွယ်ဖြစ်အောင် တန်ဆာ ဆင်ထားပါသည်။
သို့ပေတည်း မတိုးတက်ဘူးဆိုသည့်စကားလုံး အသုံးအနှုန်းများဖြင့် ခေါင်းငုံ့နေစေရန် ထိုးနှက်နေကြသည်။
မည်သည့်ပေတံဖြင့် တိုင်းတာနေကြသည်လဲ။
တိုက်ကြီး တာကြီး စက်ရုံကြီး မည်သည့်အရာမျိုးနှင့် စံထားနေကြသည် လဲ။ တကယ်တော့ ခံစားမှုဆိုတာ ခံယူမှုနှင့်ဆိုင်တာပါ။ မတိုးတက်ဘူး၊ မလုပ် နိုင်ဘူးဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တွေကြောင့် သိမ်ငယ်စိတ်တွေ ဝင်လာပြီး စိတ်ဓာတ်ပျက်စီး သွားခြင်းဖြင့် တောက်ပသောအနာဂတ်တစ်ခုကို ဘယ်လိုမှ မဖန်တီးနိုင်၊ ရုပ်ပျက်လျှင် ရုပ်ဓာတ်နှင့် ပြန်ပြုပြင်ယူ၍ ရသည်။ စိတ်ဓာတ်ပျက်စီးသွားလျှင်ဖြင့် ပြုပြင်ဖို့ရာ အလွန်ခက်ခဲပါလိမ့်မည်။
ကျွန်မရောက်ဖူးသော ကျွန်းနိုင်ငံလေးတစ်ခုအကြောင်းကို အလျဉ်း သင့်၍ ဖော်ပြချင်ပါသည်။ အဲဒီ ကျွန်းနိုင်ငံလေးမှာ ထွက်ကုန် အလွန်နည်းပါး သည်။ သူတို့မှာ မရှိသည့်အရာများစွာအတွက် သူတို့ဝမ်းနည်းမနေပါ။ သူတို့မှာ ရှိသည့် အရာလေးကိုပင် သူတို့တန်ဖိုးထားနေကြသည်။ ဂုဏ်ယူနေကြသည်။
သူတို့လမ်းလျှောက်သည်ကပင် ဖြည်းဖြည်း မှန်မှန်၊ သူတို့ကိုးကွယ်ရာ ဘုရားရှင်ကို လမ်းဆုံတိုင်းတွင် သပ္ပာယ်စွာ ကိုးကွယ်ပြီး လူတိုင်းလက်အုပ်ချီ သွားကြသည်။
သူတို့မျက်နှာတွေက မော့နေကြသည်။ သူတို့ကိုယ်သူတို့ ယုံကြည်မှု အပြည့်ရှိသည်။ ညှိုးငယ်နေသည့် မျက်နှာများကို မတွေ့ရ၊ သိမ်ငယ်နေပုံမရှိ၊ ဒေါသထွက်နေသည် မရှိ၊ လိုချင်မှုများစွာနဲ့ လောဘကြီးနေပုံမရှိ။ သူတို့မှာ ရှိသည့် သဘာဝအလှအပ၊ တောတောင်ရေမြေတွေကို အလွန်အလေးထား ကြသည်။
ဖျက်ဆီး.... ပျက်စီးစေခြင်းမရှိ။
လူတိုင်း ကိုယ်ကျရာတာဝန်ကို အေးအေးဆေးဆေးလုပ်ဆောင်သည်။ သူတို့နိုင်ငံက ရာသီဥတုကို တင်စားပြောဆိုကြသည်။ သူတို့နိုင်ငံနယ်နိမိတ်လေး ကိုပင် အလွန်လှပသော ပုလဲလုံးလေးလို့ တင်စားကာ စောင့်ရှောက်ကြသည်။
သူတို့နိုင်ငံမှာ လူလူချင်းသည်လည်းကောင်း၊ မင်းနှင့် ပြည်သူအကြား၌ လည်းကောင်း၊ တပ်နှင့် ပြည်သူကြားလည်းကောင်း ကွဲပြားမှုမရှိ၊ တစ်သွေး တည်း တစ်သားတည်း တစ်ပုံစံတည်းပါ။ လှပသော ကျွန်မတို့နိုင်ငံကိုလည်း ကဗျာလေးတစ်ပုဒ်အဖြစ် တင်စားချင်သည်။ မြန်မာတို့၏ ပင်ကိုစိတ်ဓာတ်နှင့် ယဉ်ကျေးမှုသည် ငြိမ့်ညောင်း၍ ချစ်စရာကောင်းပြီးသား ကဗျာလေးတစ်ပုဒ်ပါ။ မင်းနှင့် ပြည်သူတို့ကလည်း ချစ်စရာ့ကာရံလေးပါ။
အချင်းချင်းကို ရန်တိုက် ပေးပြီး ခွဲထုတ် IT နည်းပညာပေါင်းစုံ၊ ဆိုရှယ် မီဒီယာပေါင်းစုံနဲ့ ဖျက်ဆီးတိုက်ခိုက်ခံနေရခြင်းက
ပထမ . . . စိတ်ဓာတ်ကိုသတ်မည်။
ဒုတိယ . . . လူမျိုးရေး သွေးခွဲမည်။
တတိယ . . . အင်အားကို ခွဲထုတ်ပစ်မည်ဆိုလျှင် . . . . စည်းလုံးခြင်း ကဗျာလေးက မည်သို့မှ လှပနိုင်မည် မဟုတ်တော့ပါ။
ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း ဩဘာနိမိတ်ထွန်းသည့် ကျွန်းဆိုသည့် အတိုင်း . . .
ကိုယ့်နိုင်ငံလေးကို အကောင်းမြင် . . .အကောင်းပြော
အကောင်းဆုံး စောင့်ရှောက်နေကြလျှင်ဖြင့် စည်းလုံးခြင်း ကဗျာလေးက ဘယ်လောက်များ လှပနေလိမ့်မလဲ။
အတိတ်ကဆိုသည့်စကားလုံး ဓားများဖြင့် စည်းလုံးခြင်းနှင့် ကဗျာလေး ကို အစိတ်စိတ်အမြွှာမြွှာ ခွဲချင်သေးသည်။
အဲဒီလိုသာဆိုလျှင်ဖြင့်- အနှစ် ၁၀၀ ကျော် အုပ်ချုပ်ဖိနှိပ်ခဲ့သည့် နိုင်ငံကို ဘာအလုပ်မှ မလုပ်ဘဲ အနှစ် ၁၀၀ တိုင် ဆဲဆိုနေကြမည်လား။
အတိတ်ဆိုတာ သင်ခန်းစာယူဖို့ . . .
ပစ္စုပ္ပန်ဆိုတာ အကောင်းဆုံးတွေလုပ်ဖို့ . . .
အနာဂတ်ဆိုတာ အမွန်မြတ်ဆုံးတွေဖြစ်လာဖို့သာ ဖြစ်ပါသည်ဟု လေးလေးနက်နက် ခံယူထားသင့်ပါသည်။
အကောင်းအဆိုးသည် အမြဲဒွန်တွဲနေသည့်ထဲက အဆိုးကိုဖြုတ် အကောင်းကို လက်ကိုင်ထားရမည်သာ ဖန်တီးရှင်သာဖြစ်ခဲ့ရင် . .
လှပသော နိုင်ငံလေးကို ပြည့်စုံကြွယ်ဝမှုတွေနဲ့ ဖန်တီးပြီး အားလုံး ညီညွတ်ပေါင်းစည်းမှုနဲ့ စုစည်းလိုက်ရင်ဖြင့် စည်းလုံးခြင်းကဗျာလှလှလေးဖြစ်လာမှာပါ။ အဲဒီကဗျာလေးမှာ စာလုံးရေ သန်း ၆၀ ကျော် ပါပါမယ်။ အဲဒီ စာလုံးလေးတွေဟာ ခေါင်းမော့ ရင်ကော့ပြီး ပျော်ရွှင်နေရမယ်၊ ညီညွတ်နေရ မယ်၊ အကောင်းမြင်ဝါဒတွေနဲ့ အားအင်တွေ ပြည့်ဝနေရမယ်။ ဖန်တီးရှင်ဆိုတာ အဲဒီစာလုံးလေးတွေရဲ့ စိတ်အင်အားပါပဲ။
ကဲ - စည်းလုံးခြင်းကဗျာလေး ပေါ်ထွက်လာရအောင် ကြိုးစားကြရ အောင်ပါ။
ခွာညိုသွေး