တောင်ကြီး ဇန်နဝါရီ ၇
ရှမ်းပြည်နယ် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ အ.ထ.က(၅)၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
၂၀၂၀ ပြည့်နှစ် ရှမ်းပြည်နယ်ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် အ.ထ.က (၄)၊ အ.ထ.က (၇)၊ အ.ထ.က (၅)၊ အ.ထ.က (ရွှေညောင်)တို့ မှ ကျောင်းသား/ သူများက ဘင်ခရာ၊ ပန်းပွားအကများ ကပြကြသည်။
ဆက်လက်၍ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အရည်အသွေးရှိသော ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ရည်ရွယ်ချက်ချမှတ်ပြီး ပညာရေးစုံညီပွဲတော်ကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် ကျင်းပခဲ့ကြောင်း၊ စုံညီပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်များမှာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် ထိုးထွင်းကြံဆမှုများနှင့် တီထွင်ဖန်တီးမှုအလေ့အကျင့်များ ပြည့်ဝစေမည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများနှင့် ပညာရှင်များ ပေါ်ထွက်လာစေရန်၊ ၂၁ ရာစုတွင် ပညာရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားရန်၊ အနာဂတ်နိုင်ငံတော်အတွက် လူမှုဘဝစံများကို သိရှိနားလည်နိုင်မည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် စွမ်းအားရှင်များ ပေါ်ထွက်လာစေရန်၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ခိုင်မာပြီး စာရိတ္တနှင့် ပြည်သူ့နီတိ၊ ရိုးရာ ယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာများကို စောင့်ထိန်းနိုင်မည့် အမျိုးကောင်းသား/သမီးများပေါ်ထွန်းလာစေရန် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အသိပညာ၊ အတတ်ပညာနှင့် ဆက်သွယ်မှုနည်းပညာဆိုင်ရာ တိုးတက်မှုများကို ချိတ်ဆက်ပေးရန်၊ ပညာရေးမြှင့်တင်မှု အစီအစဉ်များအရ အခြေခံပညာရေးကဏ္ဍ၏ စွမ်းဆောင်ချက်များကို ထုတ်ဖော်ဂုဏ်ပြုခြင်းဖြင့် စွမ်းဆောင်မှုအရှိန်အဟုန် မြှင့်တင်ရန် ပြောကြားသွားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး မြို့နယ်ကျောင်းများဖြစ်သော ပထမဆုရရှိသည့် ကလောမြို့နယ်၊ ဒုတိယဆုရရှိသည့် တောင်ကြီးမြို့နယ်၊ တတိယဆုရရှိသည့် ရပ်စောက်မြို့နယ်တို့ကို းဆုများ အသီးသီချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)