Skip to main content

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် ကလေးစာပေပွဲတော်(လပွတ္တာ) ဖွင့်ပွဲတက်ရောက်

လပွတ္တာ   ဇန်နဝါရီ   ၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်၌ ကလေးစာပေပွဲတော်များကိုကျင်းပလျက်ရှိရာ ကလေးစာပေပွဲတော်(လပွတ္တာ)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လပွတ္တာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပသည်။

ဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးသန်းထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ တိုင်းအထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူရည်ချွန်များနှင့် မြို့မိမြို့ဖတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဧရာဝတီခန်းမတွင် ဆက်လက်ကျင်းပရာ လပွတ္တာအ.ထ.က (၂) မှ ကျောင်းသား/သူများက ကလေးစာပေပွဲတော်သီချင်း Theme song သီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ယနေ့ကျင်းပတဲ့ ကလေးစာပေပွဲတော်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း (၁၅)ခုမြောက်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်တိုးတက်မှုရလဒ်များရရှိစေရန် ကလေးများနှင့် လူကြီးမိဘများကလည်း စီမံမှုကောင်းတွေ ချမှတ်ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဤပွဲတော်မှစ၍ လေ့လာမှတ်သားစရာများကို လေ့လာ မှတ်သားကြပြီး နိုင်ငံတော်ရဲ့ ပုခုံးပြောင်းတာဝန်များကို ဆောင်ရွက်နိုင်မည့် သားကောင်းသမီးမွန်များဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ကျောင်းသား/သူများက အကပဒေသာများဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်ပြီး ကလေးစာပေပွဲတော် ကျင်းပရေးအတွက် လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်သည်။

ထို့နောက် အခြေခံပညာကျောင်းများ၏ ပညာရေးပြခန်း၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြခန်း၊ ကြက်ခြေနီပြခန်း၊ အစိုးရစက်မှုလက်မှုသိပ္ပံပြခန်း၊ စည်ပင်သာယာရေးအဖွဲ့ပြခန်းနှင့် ကလေးငယ်များ၏ ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ကလေးစာပေပွဲတော်သို့ ပါဝင်ဆင်နွှဲကြသော ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက GTI ကျောင်း၏ ပြခန်းအား သဘောကျနှစ်သက်ကြကြောင်း သိရသည်။

"ကလေးစာပေပွဲတော်" စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (လပွတ္တာ) ကို ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်နေ့ များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအချိန်အထိ စည်ကားသိုက်မြိုက်စွာ  ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)