Skip to main content

ရေဦးမြို့နယ် ပန်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) RC နှစ်ထပ်ကျောင်းဆောင်သစ် ပေးအပ်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တက်ရောက်

ရေဦး ဇန်နဝါရီ ၇

ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပန်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သော RC နှစ်ထပ်ကျောင်းဆောင်သစ်ပေးအပ်ပွဲကို ယနေ့ နံနက် (၉)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အလှူရှင် ဂျပန်ဘုရားဒါယကာ မစ္စတာ ကူမန်နီ၊ အောင်ဇဗ္ဗူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ညွန့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောင်ဇမ္မူတောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍဝံသ၊ နိုင်ငံတကာမှ ဆရာတော်များနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က ကျောင်းဆောင်သစ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ကျောင်းဆောင်သစ်ပေးအပ်ပွဲအခမ်းအနားတွင် အောင်ဇမ္မူတောရ ဓမ္မရိပ်သာဆရာတော်မှ ကျောင်းဆောင်သစ်လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းမြွက်ကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယနေ့ ကျွန်တော်တို့ ပြည်သူ့အစိုးရ လက်ထက်မှာ အစစအရာရာ နောက်ကျနေသော အကြောင်းတရားများစွာထဲမှ ပညာရေးနှင့် ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။ ပန်းကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရဲ့ သမိုင်းကျောင်းကို ကြည့်မယ်ဆိုရင် ၁၉၆၄ ခုနှစ်မှာ အခြေခံပညာမူလတန်းကျောင်း၊ ၂၀၂၀ ခုနှစ်တွင် အခြေခံပညာမူလတန်းလွန်ကျောင်း၊ ၂၀၁၇ ခုနှစ်တွင် အခြေခံပညာအလယ်တန်းကျောင်း၊ ၂၀၁၈ ခုနှစ်တွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်ဆင့် တိုးတက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အခုလို တိုးတက်လာတဲ့ ဖြစ်စဉ်မှာ မိဘများရဲ့ပါဝင်ပံ့ပိုးမှုများစွာရှိခဲ့ပါတယ်။ အခုလည်းပဲ အောင်ဇမ္မူတောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍဝံသနှင့်အတူ ဒါယကာ၊ ဒါယိကာမများ၏ ပညာရေးဌာနအပေါ် ကူညီပံ့ပိုးမှုကို ကြည့်ရင် ၂၀၁၅ ခုနှစ်မှာ (၁၄၀×၃၀)ပေ၊ RC နှစ်ထပ် ကျောင်းဆောင်တစ်ဆောင်၊ (၁၃၀×၃၀)ပေ၊ RC နှစ်ထပ် ကျောင်းဆောင်တစ်ဆောင်၊ စုစုပေါင်း တန်ဖိုးငွေ သိန်းပေါင်း (၅၄၀၀)ကျော် တန်ဖိုးရှိတဲ့ ကျောင်းဆောင် နှစ်ဆောင်ကို ယနေ့ ပညာရေးဌာနသို့  လွှဲပြောင်းပေးအပ်ပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးရဲ့ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ ယခုလို တစ်ဖက်တစ်လမ်းမှ ပါဝင်ပြီး ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဆရာတော်နှင့်တကွ အလှူရှင်များအားလုံးကို ဒေသခံပြည်သူ၊ ပြည်သားများကိုယ်စား လှိုက်လှဲစွာကျေးဇူတင်ရှိပါကြောင်းနှင့် ဘာသာ သာသနာအကျိုး တိုင်းပြည်အကျိုးကို ဆက်လက်ဆောင်ရွက်နိုင်ကြပါစေကြောင်း ”တိုက်တွန်း အမှာစကားပြောကြာခဲ့သည်။

ယင်းနောက် RC နှစ်ထပ်ကျောင်းဆောင်သစ် အောင်ဇမ္မူတောရဓမ္မရိပ်သာ ဆရာတော်ကိုယ်စား အောင်ဇဗ္ဗူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ညွန့်က ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် မှတ်တမ်းများကို တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး  စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင်က ဂုဏ်ပြုမှတ်တမ်းလွှာကို အောင်ဇမ္မူတောရ ဓမ္မရိပ်သာ ဆရာတော်ထံသို့ ဆက်ကပ်ခဲ့သည်။

ထို့နောက် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(ဘဏ္ဍာ) ဒေါ်ခင်ခင်ကြီးက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဆရာတော်ကြီး၏ သာသနာပြုမှတ်တမ်းဓာတ်ပုံများနှင့် ကျောင်းဆောင်သစ်တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)