(၅-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၄-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၂,၄၇၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၆၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၃.၇၃) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၁၂၉,၄၆၈) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (၆၂၅,၁၄၇) ဦး ရှိပြီဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၂၅၄) ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၉,၂၄၈) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၆၃) ဦး ရှိပါသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၄-၁၀-၂၀၂၂) ရက်နေ့ အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၅၉၉,၄၅၉) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း (၆,၆၄၅,၄၅၁) ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် (၂၈-၁-၂၀၂၂) ရက်နေ့မှ (၂၆-၉-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း (၁၄၅) ဦးရှိရာ ၎င်းတို့အနက် (၁၀၂) ဦး (၇၀ ရာခိုင်နှုန်း)မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ စသည့် နာတာရှည် ရောဂါအခံတစ်ခုခုရှိသူများ ဖြစ်ကြပါသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် နာတာရှည်ရောဂါ ရောဂါအခံရှိသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ သေဆုံးသူများ၏ (၈၁.၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများဖြစ်ကြပြီး (၁၇.၂) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားရှိသူများနှင့် (၁.၄)ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရသူ နာတာရှည်ရောဂါအခံရှိသူများ၏ မိသားစုဝင်များထံမှ သိရှိချက်အရ အဆိုပါသေဆုံးရသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံမှုကို ခံယူမှုမရရှိခဲ့ခြင်း၏ အဓိကအကြောင်းရင်းများမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းဖြင့် မိမိတွင်ရှိနေသည့် နာတာရှည်ရောဂါအခံသည် ပိုမိုဆိုးရွားလာမည်ဟူသည့် လွဲမှားသော အယူအဆကြောင့် စိုးရိမ်စိတ်ဖြစ်ပေါ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို လာရောက်မခံယူခြင်း၊ အသက်အရွယ်ကြီးရင့်မှုနှင့် နာတာရှည်ရောဂါအခံကြောင့် ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်ရန် အခက်ခဲရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရပါသည်။
သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက အသက်အန္တရာယ် ဆုံးရှုံးနိုင်ခြေ ပိုမိုများပြားသည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ စသည့် နာတာရှည်ရောဂါအခံတစ်ခုခု ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန်နှင့် ၎င်းတို့၏မိသားစုဝင်များ၊ မိတ်ဆွေများမှလည်း အဆိုပါ နာတာရှည်ရောဂါ အခံတစ်ခုခုရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် ထိုးနှံမှုခံယူရေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများကို မပျက်မကွက် ထိုးနှံမှုခံယူနိုင်ရေးအတွက် နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ်များ၊ ကျန်းမာရေးဌာနများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် မပျက်မကွက် ဆက်သွယ်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။