နေပြည်တော် ဇန်နဝါရီ ၉
လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရန်ပုံငွေလိုအပ်ချက် ရှိ/မရှိ ဆွေးနွေး
အစည်းအဝေးတွင် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက အခြေခံ ရည်ညွှန်းစပါးစျေးနှုန်းအောက် ကျဆင်းလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်များတွင် တင်ဒါစနစ်ဖြင့် စပါးဝယ်ယူပေးနိုင်ရန်အတွက် ခွဲဝေချထားပေးသော ရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ရန်ပုံငွေထပ်မံလိုအပ်ချက် ရှိ/မရှိကို ဆွေးနွေး ကြရန်လိုကြောင်း။
ကွင်းဆင်းဆွေးနွေးမှုများဆောင်ရွက်
အခြေခံစပါးဈေးနှုန်းဖြင့် စပါးဝယ်ယူ ပေးနိုင်ရေး ကြေညာချက်ထုတ်ပြန်ပြီးနောက် စပါးဈေးသည် အတက်ဘက်သို့ ဦးတည်လာကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် ကောင်းမွန်သောကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ နွေစပါးများပေါ်ထွက်လာချိန်တွင် လိုအပ်ပါက ယခုကဲ့သို့ဝယ်ယူပေးနိုင်ရေးအတွက် စီမံချက်များ ရေးဆွဲတင်ပြပေးရမည် ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့က တင်ပြလာသည့် ကိစ္စများအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ ပူးပေါင်း ညှိနှိုင်းပြီး ကွင်းဆင်းဆွေးနွေးမှုများ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ယခုစပါးဝယ်ယူရေးနှင့် ပတ်သက်၍ အောင်မြင်အောင်ဆောင်ရွက်ရန် တိုက်တွန်း ချက်များရှိသလို အမှားအယွင်းမရှိအောင် အဆင့်ဆင့် စိစစ်ကြပ်မတ်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ဝယ်ယူရေးအစီအစဉ်ဆောင်ရွက်မှုဆွေးနွေး
ထို့နောက် အစည်းအဝေးတက်ရောက် လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများက လက်ရှိစပါးဝယ်ယူရေးလုပ်ငန်း များ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်များ၊ ဝယ်ယူ ရေးအစီအစဉ် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ အသင်းအဖွဲ့များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက် ပေးမည့် အစီအမံများနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
နိုင်ငံတော်မှ ပံ့ပိုးကူညီရေးဆွေးနွေး
ထို့အပြင် အစည်းအဝေးတွင် အခြေခံ ရည်ညွှန်းဈေးအောက် ကျရောက်နေသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အခြေခံ ရည်ညွှန်းဈေးဖြင့် တင်ဒါခေါ်ယူ၍ စပါး ဝယ်ယူခဲ့သည့် အခြေအနေများကို ပြန်လည် သုံးသပ်ရန်၊ မိုးစပါးဝယ်ယူပြီးပါက နွေစပါး ဆက်လက်ဝယ်ယူနိုင်ရေးအတွက် တက်ရောက်လာသူများက အကြံပြုချက် ပေးနိုင်ရန်၊ အဆိုပါတိုင်းဒေသကြီး သုံးခုတွင် စပါးဝယ်ယူနိုင်ရေး ရန်ပုံငွေ ထုတ်ပေးပြီးနောက် တနင်္သာရီတိုင်းဒေသကြီးက အခြေခံရည်ညွှန်း ဈေးနှုန်းဖြင့် စပါးဝယ်ယူနိုင်ရေးတင်ပြလာ သည့်အတွက် ကျန်ရှိသောရန်ပုံငွေအနက် ငွေပမာဏ မည်မျှထုတ်ပေးနိုင်ရေး ညှိနှိုင်း ဆုံးဖြတ်ရန်နှင့် ကယားပြည်နယ်က တင်ပြလာ သော တောင်သူများအတွက် စိုက်ပျိုးစရိတ် ကာမိစေရေးနှင့် ထိုက်သင့်သောအကျိုးစီးပွား ဖြစ်ထွန်းစေရေးတို့အတွက် ထွက်ရှိလာမည့် သီးနှံများအပေါ် ကာလပေါက်စျေး (သို့မဟုတ်) သီးနှံစျေးကောင်းရရှိရေးနှင့် စျေးကွက်ရရှိရေး တို့ကို နိုင်ငံတော်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးတင်ပြလာမှုတို့နှင့် ပတ်သက်၍လည်း ဆွေးနွေးကြသည်။
သတင်းစဉ်