Skip to main content

ရန်ကင်းမြို့နယ် ဓမ္မစကြာပဋိပတ်ရိပ်သာကျောင်းတိုက်အတွင်း အနန္တသုခဓမ္မစကြာဓမ္မဗိမာန် ငါးထပ်ကျောင်းတော်ကြီး မဟာပန္နက်တော်တင်၊ တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ ဓမ္မစကြာ ပဋိပတ်ရိပ်သာ ကျောင်းတိုက်အတွင်း၌ စေတနာရှင် အလှူရှင်များ စုပေါင်း လှူဒါန်းသည့် အနန္တသုခဓမ္မစကြာ ဓမ္မဗိမာန် ငါးထပ်ကျောင်းတော်ကြီး မဟာပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ရွှေသုဝဏ်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသဒ္ဓိယ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ပန္နက်တော်တင်ပေးသည်။

ငါးပါးသီလခံယူ

အစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရွှေသုဝဏ်ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ် ကြသော အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွှေသုဝဏ်ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ငါးထပ်ကျောင်းတော်ကြီးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း ၅၀၀ နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မိသားစုက လှူဒါန်းသည့် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ဓမ္မစကြာပဋိပတ်ရိပ်သာ ဥပတ္ထမ္ဘ မဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးစိန်လှဝင်း က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရွှေသုဝဏ်ဆရာ တော်ကြီးကကျမ်းစာအုပ်များ ဓမ္မ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တက်ရောက်လာကြသည့် အရာရှိကြီးများ၊ စေတနာရှင် အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက် လာကြသူများက မင်္ဂလာဒုံ မြို့နယ်၊ ကံသုံးဆင့် ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဂုဏိကာဘိဝံသ ထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။

ထို့နောက် ရွှေသုဝဏ်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ် များသည် ပန္နက်တော်တင်မည့် မြေနေရာသို့ အစီအစဉ်အတိုင်း ကြွရောက်လိုက်ပါကြပြီး မင်္ဂလာ အချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပန္နက်တော်တင်မည့် အကြီးအကဲများသည် သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်တော်တင်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကြကာ တွင်းတော်ဝန်းမင်္ဂလာ ပြုလုပ်ကြသည်။

အခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ရွှေသုဝဏ် ဆရာတော်ကြီး အမှူး ပြုသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

ဓာတ်ပုံ−တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး