Skip to main content

စလင်းတမံ ရေပိုလွှဲပြင်ဆင်မှု မိုးတွင်းအမီပြီးစီးရန် ဒေသခံတောင်သူများလိုလားနေ

စလင်း ဇန်နဝါရီ ၁၃

ဆည်ရေသောက်ဧရိယာ လယ်မြေဧကပေါင်း သုံးသောင်းသုံးထောင်အား ရေပေးဝေနိုင်မည့် စလင်းရေလှောင်တမံ ၊ ရေပိုလွှဲပျက်စီးနေခြင်းအား ဆည်မြောင်းဦးစီးဌာန(တည်ဆောက်ရေး) တာဝန်ရှိသူများက ပြင်ဆင်လျက်ရှိနေပြီး ဒေသခံ တောင်သူများဘက်မှလည်း မိုးတွင်းအမီပြီးစီးရန် မျှော်လင့်နေကြောင်း သိရသည်။

မင်းဘူးခရိုင် စလင်းမြို့နယ်ရှိ စလင်းရေလှောင်တမံ ပင်မရေပိုလွှဲကြမ်းခင်းအောက်ခြေပျက်စီးနေမှုကို ၂၀၁၇/ ၂၀၁၈ ခုနှစ်မှစတင်ကာ ပြင်ဆင်ခဲ့ပြီး ယခုပြင်ဆင်မှုသည် တတိယအကြိမ်ဖြစ်ကြောင်း၊ ပြင်ဆင်မပြီးသေးချိန် မိုးတွင်းကာလများအတွင်း ရေကျော်ခဲ့သည့်ဖြစ်စဉ်များကြောင့် လူနေအိမ်များထိခိုက်မှုမရှိခဲ့သော်လည်း သီးနှံစိုက်ခင်းများထိခိုက်ပျက်စီးခဲ့ရ ကြောင်း တမံအနီးနေထိုင်သည့် ဒေသခံများထံမှ သိရသည်။

အဆိုပါရေလှောင်တမံမှာ ရေဆင်းဧရိယာ ၃၉၇ ဒသမစတုရန်မိုင်၊ ရေလှောင်တမံအမြင့် ၂၂၀ ပေ၊အလျားပေ ၂၇၀၀ ကျော်၊ ရေလှောင်တမံထိပ်ပြင်အကျယ် ၂၄ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏဧက တစ်သိန်းသုံးသောင်းသုံးထောင် ရှိကြောင်း ၊ဒေသခံပြည်သူများ၏ ဆန္ဒပြည့်မြောက်ရေးအတွက် မိုးတွင်းအမီပြီးစီးနိုင်ရန် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုမှုများ ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင် ထံမှ သိရသည်။

“ ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုငွေ ကျပ်သန်း ၃၅၀၀ ကျော် သုံးစွဲပြီး ပြင်ဆင်နေတာပါ။ ရေပိုလွှဲပြင်ဆင်မှု က၂၅ရာခိုင်နှုန်းပြီးစီးပါပြီ။ မိုးမကျမှီအချိန်မှီပြီးစီးအောင်တော့ပြင်ဆင်သွားမှာပါ ” စလင်းမဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသက်ခိုင် က ပြောသည်။

ဇေယျတု(မကွေး)

#MDN