Skip to main content

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ

ရေဖြူ   ဇန်နဝါရီ  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ၊  အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနား  ကျင်းပသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က ယခုလို လာရောက်၍ တွေ့ဆုံရာတွင် ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက် ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို သိရှိလိုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေအဖြင့် ဒေသလိုအပ်ချက်များကို အဓိကထားပြီး ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး  ဦးမြင့်စန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး  ဦးအောင်သူရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဦးလှထွေးနှင့် တက်ရောက်လာကြသောဝန်ကြီးများက ဌာနအလိုက် လုပ်ငန်းစဉ်များအကြောင်းနှင့် မိတ်ဆက်စကားပြောကြားကြပြီး ကံပေါက်ကျေးရွာအုပ်စုရှိ တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိကျေးရွာအတွင်း လမ်း၊ တံတား၊ ရေ၊ မီးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆွေးနွေးတင်ပြခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးများက ပြည်သူများ၏ တင်ပြချက်များအပေါ် ကဏ္ဍအလိုက် ဖြေကြားခဲ့ကြသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က  ယနေ့တွေ့ဆုံပွဲတွင်  မေးမြန်းတင်ပြချက်များကိုလည်း မှတ်တမ်း မှတ်ရာဖြင့် မှတ်သား ထားပြီး  ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို တိုင်းဒေသကြီးအနေအဖြင့်  ဝန်ကြီးဌာနများနှင့်  ပေါင်းစပ်၍ ညှိနှိုင်းကာ လုပ်ပေးနိုင်သလောက် ကူညီဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း  နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ရေဖြူမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်း၊ တိုင်း/ ခရိုင်/ မြို့နယ်/ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများ၊  ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ‌နဘုလယ်ဒေသ၊ ပရဒတ်ကျေးရွာနှင့် ရေဖြူမြို့ အောင်သာဝတီခန်းမတို့တွင်လည်း ဒေသခံပြည်သူများနှင့်ထပ်မံတွေ့ဆုံခဲ့ကြောင်းသိရသည်။

ဖြူဖြူရှိန် (ပြန်/ဆက်)