နေပြည်တော် ဇန်နဝါရီ ၁၃
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက်ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များ အတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အလုပ်ရရှိ မှုအနေဖြင့် အစိုးရအလုပ်အကိုင် ၁၃၅၉ ဦး၊ ပုဂ္ဂလိကအလုပ်အကိုင် ၂၅၁၉၂ ဦး စုစုပေါင်း ၂၆၅၅၁ ဦး ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှုအနေဖြင့် မလေးရှားနိုင်ငံသို့ ၆၄၇၂ ဦး၊ စင်ကာပူနိုင်ငံသို့ ၇၆ ဦး၊ ကိုရီးယားနိုင်ငံသို့ ၅၃၆ ဦး၊ ထိုင်း နိုင်ငံသို့ ၁၆၆၉၁ ဦး၊ ဂျပန်နိုင်ငံသို့ ၆၁၉ ဦး၊ ယူအေအီးနိုင်ငံသို့ တစ်ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၁၆၃ ဦး၊ ကာတာ နိုင်ငံသို့ ၁၄ ဦး စုစုပေါင်း ၂၄၅၇၂ ဦးကို အလုပ်အကိုင်အတွက် စေလွှတ်နိုင် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်