ရန်ကုန် ဇန်နဝါရီ ၁၃
ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ် ဗိုလ်ချုပ်ပန်းခြံရှိ ရေပေါ်အားကစားကွင်း၌ ယမန်နေ့က မြန်မာ - နီပေါ သံတမန်ဆက်သွယ်မှုနှစ်(၆၀) ပြည့်နှင့် ၂၀၂၀ နီပေါခရီးသွားနှစ် အထိမ်းအမှတ် မြန်မာ- နီပေါချစ်ကြည်ရေးနှင့် ခရီးသွားသံတမန်များအား ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာ ဘင်းကေအူး ဒက်စ်၊ ပုလဲကျန်းမာရေးအဖွဲ့ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် နီပေါသံအမတ်ကြီးက ယခုကျင်းပသော အခမ်းအနားသည် နီပေါနိုင်ငံနှင့် မြန်မာနိုင်ငံတို့ သံတမန်ဆက်သွယ်မှုနှစ် (၆၀) ပြည့် စိန်ရတု အထိမ်းအမှတ်အဖြစ် နီပေါနိုင်ငံ၏ ခရီးသွားနှစ်၂၀၂၀ အတွက် မြန်မာ - နီပေါ ခရီးသွားသံတမန်ခန့်အပ်ပွဲ ဖြစ် ကြောင်း၊ ဗုဒ္ဓမြတ်စွာဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်ရှိရာ နီပေါနိုင်ငံသည် သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ၊ ကမ္ဘာပေါ်တွင်အမြင့်ဆုံးဖြစ်သော ဧဝရတ်တောင်တို့ကို ပိုင်ဆိုင်ထားပြီး လည်ပတ်စရာကောင်းသောနိုင်ငံများတွင် နီပေါနိုင်ငံ ပါဝင်သည့်အတွက် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် သွားရောက် လည်ပတ်သင့်ကြောင်းနှင့် အရေအတွက် များများသွားရောက်လည် ပတ်နိုင်ရန် ရည်ရွယ်၍ ယခုပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း။
ယခုဆိုလျှင် နီပေါနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကြီးကို တည်ဆောက်နေရာ မကြာမီ ပြီးစီးတော့မည်ဖြစ်၍ အချိန်အနည်း ငယ်အတွင်း ကုန်ကျစရိတ် နည်းနည်းနှင့် သွားရောက်နိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သံအမတ်ကြီးတို့က မြန်မာ-နီပေါချစ်ကြည်ရေးနှင့် ခရီးသွားသံတမန်များဖြစ်သည့် ဦးအိုက်ထွန်း၊ ဒေါ်နီနီနှင့် သရုပ်ဆောင် ယွန်းယွန်းတို့အား ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့ကြသည်။
ဆန်းကျော်ဦး(ပြန် /ဆက်)