ရန်ကုန် ဇန်နဝါရီ ၁၃
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) တို့အတွက် ငွေပဒေသာပင်အလှူတော်ငွေ ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)ရှိ မိုးကုတ်ဆွမ်းစားကျောင်း ဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ပန်းပုကွင်းကျေးရွာ နဂါးရစ်တောင် ဓမ္မပါလတောရကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဝိသုဒ္ဓက လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ဩဝါဒကထာမြွက်ကြားရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် ပရိသတ်တို့က နာယူကြသည်။
ထို့နောက် နဂါးရစ်တောင်ဓမ္မပါလတောရကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးကိုယ်စား တပည့်ဒါယကာ ဦးဝင်းနိုင်က နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်/မန္တလေး) တို့အတွက် ငွေပဒေသာပင် အလှူတော်ငွေကျပ် သိန်း ၁၅၀ ကို ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဦးကြည်မင်းက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးကြည်မင်းက ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်လျှောက်ထားသည်။
သတင်းစဉ်