Skip to main content

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲအတွက် ဆုများ ပေးအပ်ချီးမြှင့်

လွိုင်ကော်  ဇန်နဝါရီ  ၁၄

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ်သော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ဆုရအသင်းများမှ ပြန်လည်ဖျော်ဖြေ တင်ဆက်ခြင်းကို ယမန်နေ့ ည (၇) နာရီအချိန်က လွိုင်ကော်မြို့၊ ကယားပြည်နယ်နေ့ ပွဲတော်ကျင်းပရာကွင်းရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲ စင်မြင့်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အကအဖွဲ့များမှ ပထမဆုကို ကယားစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ တဖူးဒီးကူအကဖြင့် လည်းကောင်း၊ ဒုတိယဆုကို ဆောင်ကန်း (ကယား) ကျေးရွာ (လွိုင်ကော်) အသင်းမှ ကိုယ်စီအလှနှင့် ကယန်းမြေအကဖြင့် လည်းကောင်း၊ တတိယဆုကို ကယောစာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ လူမူလိထိုး (ရောင်နီသန်းလာပြီ) အကနှင့် ကရင်ပြည်နယ် သံတောင်မြို့နယ်အသင်းမှ ဂေဘား ရိုးရာ စုပေါင်းအကဖြင့် လည်းကောင်း ၊ အထူးဆု များအနေဖြင့် ဝီသဲကူး(မြောက်) ကျေးရွာ (ဒီးမော့ဆို)အသင်း၊ လင်ဖုံလေး အထက်ကျေးရွာ (လွိုင်ကော်) အသင်း၊ ဘုရားဖြူကျေးရွာ (ဒီးမော့ဆို) အသင်း၊ တော်ခူ (နန်းဖဲ) ကျေးရွာ (ဖရူဆို) အသင်း၊ ဒေါဆန်းဘွန်း ကျေးရွာ(လွိုင်ကော်) အသင်းနှင့် ဒေါတငူ ရှေ့ကျေးရွာ (ဒီးမော့ဆို) အသင်းတို့မှ အသီးသီးရရှိခဲ့ကြသည်။

အဆိုပါ ဆုရရှိကြသည့် အကအဖွဲ့ဝင်များအား ကယားပြည်နယ်ဝန်ကြီးချုပ် ဉီးအယ်လ်ဖောင်းရှို၊  ကယား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ  ဦးလှထွေးနှင့် တာဝန်ရှိသူတို့က ဆုများသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရှိရသည်။ ယင်းနောက် ဆုရရှိခဲ့သည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များက ပြန်လည်ကပြ ဖျော်ဖြေခြင်း ဒေသခံ တေးဂီတအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်ခြင်းများ အားကြည့်ရှုအားပေး ခဲ့ကြသည်။

၂၀၂၀ ခုနှစ်၊ (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကပြိုင် ပွဲသို့ မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများနှင့် ကရင်ပြည်နယ်၊ သံတောင်မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း (၃၉) သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့်အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက တက်ရောက်အားပေးခဲ့ကြကြောင်းသိရသည်။

ထွန်းလေး