လဟယ် ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် နာဂရိုးရာနှစ် သစ်ကူးပွဲတော် ကွင်းအဝင်မုခ်ဦး ဖွင့်လှစ်ခြင်းနှင့် ရိုးရာတံခွန်တိုင် စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရိုးရာကွင်းအဝင်မုခ်ဦးရှေ့၌ ကျင်းပသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၁၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမင်းနိုင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဦးကေဆိုင်း၊ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု(ဗဟို)ကော်မတီ နာယက ဦးရူစံကြူးတို့ က ကွင်းအဝင် မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ရိုးရာတံခွန်တိုင်အား နာဂရိုးရာ ယဉ်ကျေးမှုအက အဖွဲ့များက ရိုးရာကွင်းလက်ယာရစ် တစ်ပတ် ပတ်ပြီး တံခွန်တိုင်ကို စိုက်ထူခဲ့ကြသည်။ ယင်းနောက် နာဂရိုးရာ ဆုတောင်းတိုင်ကို ရိုးရာပန်ရှေ့၌ ရိုးရာ သီချင်း သီဆို၍ စိုက်ထူခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဧည့်သည် တော်များက ရိုးရာ လက်မှုပြခန်း၊ ရိုးရာ ယဉ်ကျေးမှုပြခန်းနှင့် ရိုးရာပန်တုံး ထုနေမှုများကို စိတ်ဝင် တစ်စား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)