Skip to main content

ထိုင်း-မြန်မာ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ သုံးကြိမ်မြောက် နှစ်နိုင်ငံ နယ်စပ်ဒေသ အသံထုတ်လွှင့်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ပုဂံ-ညောင်ဦး မြို့တွင် ကျင်းပ

ပုဂံ  ဇန်နဝါရီ  ၁၄

ထိုင်း-မြန်မာ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ သုံးကြိမ်မြောက် နှစ်နိုင်ငံနယ်စပ်ဒေသ အသံထုတ်လွှင့်မှုဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ Umbra Hotel တွင်ကျင်းပသည်။

ပထမဦးစွာ အခမ်းအနားတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေနှင့် ထိုင်းအမျိုးသားဆက်သွယ်ရေးနှင့် အသံလွှင့်တင်ရေးကော်မရှင်မှ အမှုဆောင် ဒါရိုက်တာ Mr. Saneh Saiwong တို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးမည့် လုပ်ငန်းအစီအစဉ်များကို တင်ပြကြပြီး သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေး၊ နည်းပညာဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုရလဒ်များအား သုံးသပ်ခြင်း၊ အသံထုတ်လွှင့်မှုတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ရုပ်သံထုတ်လွှင့်မှုနှင့် FM ရေဒီယိုထုတ်လွှင့်မှုဆိုင်ရာ လုပ်ငန်းများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတလျှောက် အသံထုတ်နေမှု အခြေအနေများနှင့် အရေးပေါ်ကာလအတွင်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံကိုယ်စားလှယ်များက ဇန်နဝါရီလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ပုဂံမြို့၊ ဝက်ကြီးအင်းရပ်ရှိ Umbra Hotel တွင် ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်များ၊ ထိုင်းအမျိုးသားဆက်သွယ်ရေးနှင့် အသံလွှင့်တင်ရေး ကော်မရှင်မှ အမှုဆောင်ဒါရိုက်တာ Mr. Saneh Saiwong ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ်များ၊ ထိုင်း-မြန်မာ နှစ်နိုင်ငံလုံးရှိ ရုပ်သံနှင့် FM Radio လိုင်းများမှ ကိုယ်စားလှယ်များ၊ ဆက်သွယ်ရေး အော်ပရေတာများမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)