နေပြည်တော် ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ ဥဿာကျော်ဟိုတယ်ခန်းမ၌ကျင်းပသည်။
တွေ့ဆုံပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်လတ် က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ပြဌာန်းခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ လိုင်စင်များနှင့် လုပ်ပိုင်ခွင့်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ဝန်ဆောင်မှုများ ပိုမိုလျင်မြန်ကောင်းမွန်စေရန် မည်ကဲ့သို့ဆောင်ရွက် ရမည်ကို သိရှိနိုင်ရန်အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာ၊ Online Visa များ ဖြေလျှော့ဆောင်ရွက်ပေးမှုများကြောင့် ခရီးသွားဧည့်သည်များ ပိုမို တိုးတက်ဝင်ရောက်လာသဖြင့် ခရီးသွား ဧည့်သည်များ ယခုထက်ရက်ရှည်နေထိုင်ပြီး လေ့လာ လည်ပတ်နိုင်ရန်အတွက် စိတ်ဝင်စားဖွယ်နေရာများ၊ ခရီးစဉ်ဒေသများ ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေးနှင့် လိုအပ်သည့်နေရာများတွင် အများသုံး သန့်စင်ခန်းများထားရှိရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးညွှန့်ရွှေက တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် ခရီးစဉ် ဒေသအသစ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြ သူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းပိုင်းဆိုင်ရာများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ပဲခူးရုံးခွဲ)ရှိ Tourist Information Counter တွင် QR Code များထားရှိခြင်းနှင့် Digital Concierge Beta Version တပ်ဆင်ခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပြီး ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ်အနီးရှိ ကိုရီးယားနိုင်ငံမှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လှူဒါန်းထားသော အများသုံးသန့်စင်ခန်း ဆောက်လုပ်နေမှုကို ကြည့်ရှု့ စစ်ဆေးသည်။
ထို့နောက် ပဲခူးမြို့ ပျဉ်ပုံကြီးကျေးရွာအနီးရှိ မိုးယွန်းကြီးအင်းသဘာ၀အပန်းဖြေစခန်း ၌ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းထားသည့် ပြတိုက်နှင့် မိုးယွန်းကြီးအင်းအတွင်းရှိ ဆောင်းခို ငှက်များကျက်စားရာနေရာများ၊ ဒိုက်ဦးမြို့နယ်ရှိ ဘောနီရေလှောင်တမံ၌ ခရီးသွားလုပ်ငန်း အထောက်အကူပြု အပန်းဖြေစခန်း ဆောင်ရွက်နိုင်မည့်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ သည်။
(သတင်းစဉ်)