Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ သတင်းမီဒီယာ ကျင့်ဝတ်ပြုစုရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်း ၍ရွေးကောက်ပွဲဆိုင်ရာ သတင်းမီဒီယာ ကျင့်ဝတ်ပြုစုရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်) နှင့် တာဝန်ရှိသူများ၊ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊International Institute for Democracy and Electoral Assistance (International IDEA) မှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန် သတင်းမီဒီယာ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတများ ရရှိစေရန် ဆောင်ရွက်သည့် Civic Education နှင့် မဲဆန္ဒရှင်များ မဲပေးခြင်းဆိုင်ရာ အသိ ပညာပေးဆောင်ရွက်သည့် Voter Education လုပ်ငန်းများဆောင်ရွက်ရာတွင် သတင်း မီဒီယာများ၏အကူအညီ များစွာလိုအပ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲတွင် ပထမအကြိမ် မဲပေးမည့် လူငယ် (၄) သန်းခန့် ရှိမည်ဟု ခန့်မှန်းပါကြောင်း၊ ၎င်း လူငယ်များ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို သိရှိထားမှသာ ရွေးကောက်ပွဲတွင်မဲပေးရာ၌ ပိုမိုပါဝင်လာနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်ကော်မရှင်၏လုပ်ဆောင်ချက်များ၊ ကော်မရှင်မှ ထုတ်ပြန်သည့် ညွှန်ကြား ချက်များ၊ ကြေညာချက်များကို နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် UEC Website တို့မှတစ်ဆင့် ပြည်သူလူထုသိရှိစေရန် ထုတ်လွှင့်ဖော်ပြပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့ဖွဲ့စည်းပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်းအမှန် ထုတ်ပြန်ရေးအစီအစဉ်ကို ကော်မရှင်ရုံး၌ အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကာလအတွင်း အမုန်းစကားများ၊ သတင်းအမှားများ ပြည်သူလူထုထံ ရောက်ရှိပါက ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်လာနိုင်ပြီး မလိုလားအပ်သည့် ပဋိပက္ခများပါ ဖြစ်လာနိုင်ပါကြောင်း၊ အမုန်းစကားနှင့် သတင်းအမှားများသည် ဒီမိုကရေစီ စနစ်၏ ဂုဏ်သိက္ခာကိုလည်း ထိပါးစေနိုင်သည့်အတွက် သတင်းမီဒီယာများ အနေဖြင့် နိုင်ငံတော်အကျိုးအတွက် မျှော်ကိုး၍ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် မှန်ကန်သော သတင်းအချက်အလက်များကို ပြည်သူလူထုထံ လျင်မြန်စွာနှင့် ကျယ်ပြန့်စွာ ရောက်ရှိစေရေး ဆောင်ရွက်ပေးရန်တိုက်တွန်းပါကြောင်း၊ သတင်းမီဒီယာများအနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်း စဉ်များ အောင်မြင်ရေးကို အထောက်အကူဖြစ်စေရေး၊ ရွေးကောက်ပွဲတွင် ကဏ္ဍစုံမှပါဝင်ပတ်သက်သူများနှင့် သတင်းမီဒီယာများအကြား ယုံကြည်မှုတည်ဆောက်ရေး၊ အတူတကွပူးပေါင်းဆောင်ရွက်ရေးတို့ကိုရှေးရှုပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်းမီဒီယာ ကျင့်ဝတ် ရှိထားသင့်ပါကြောင်း၊ထို့ကြောင့် သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတင်းမီဒီယာသမားများ လိုက်နာကျင့်သုံးနိုင်စေရန် ရွေးကောက်ပွဲဆိုင်ရာ သတင်းမီဒီယာ ကျင့်ဝတ်ရေးဆွဲနိုင်ရေး ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ သတင်းမီဒီယာများအနေဖြင့် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာပေးသည့်အချိန်တွင် ပြည်သူများ ကြည့်ရှုစေရန်နှင့် ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်နိုင်သည့် အခွင့်အရေးမဲဆန္ဒရှင်များရရှိစေရန် ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ထို့အပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် ရွေးကောက်ပွဲဆိုင်ရာသတင်းများကို သတ်မှတ်ကာလ ရောက်ရှိချိန်တွင်  ထုတ်ပြန်ပေးသွား မည်ဖြစ်သည့်အတွက် ထိုသတင်းများကိုလည်း ပြည်သူလူထုကို အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ဆွေးနွေးပွဲတက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။ ၎င်းနောက် တက်ရောက်လာသူများက ရွေးကောက်ပွဲဆိုင်ရာ သတင်းမီဒီယာကျင့်ဝတ် ပြုစုနိုင်ရေးနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။           

သတင်းစဉ်