ရန်ကုန် ဇန်နဝါရီ ၁၅
တရုတ်-မြန်မာရသများ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ တရုတ်နိုင်ငံခြားဘာသာရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Du Zhan Yuan က အဖွင့်အမှာစကား ပြောကြားပြီး ရွှေသံလွင် ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်ဝင်း က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူး Mr. Yang Shou Zheng က အမှာစကားပြောကြားသည်။
ဆက်လက်၍ အခမ်းအနားကို တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး ဥက္ကဋ္ဌ Mr. Xu Lin ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ညွှန်ကြားရေးမှူးချုပ် Mr. Du Zhan Yuan ၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးခင်မောင်လင်း၊ သံမှူး Mr. Yang Shou Zheng နှင့် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် မြန်မာ့ရိုးရာ အနုပညာဖြစ်သည့် “စိန်အေးမြင့်”ရုပ်သေးအဖွဲ့က “ဝေယံမောင် Art & Entertainment” နှင့်တွဲဖက်၍ ရုပ်သေးအကဖြင့် ဖျော်ဖြေ တင်ဆက် ကြပြီး တရုတ်-မြန်မာ နှစ်နိုင်ငံမှ တာဝန် ရှိသူများ၊ ဧည့်သည်တော်များသည် ပြခန်းအတွင်း ပြသထားသည့် ဓာတ်ပုံများကို လှည့်လည် ကြည့်ရှုကြ သည်။
ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က “ဒီပြပွဲကို ရည်ရွယ်ချက်နှစ်ခုနဲ့ ပြသတာဖြစ်ပါ တယ်။ အခု ၂၀၂၀ ပြည့်နှစ်က တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်တဲ့ နှစ်ဖြစ်ပါတယ်။ ရည်ရွယ်ချက်အနေနဲ့ နှစ်(၇၀)အထိ ထိန်းသိမ်းခဲ့တဲ့ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို နောင်ရေရှည်အထိ ထိန်းသိမ်းသွားဖို့ရယ်၊ တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ရယ်ကျင်းပရခြင်းဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးက တရုတ်နိုင်ငံဖြစ်ပါတယ်။ လက်ရှိစီးပွားရေး အပါအဝင် အခြားကဏ္ဍစုံနဲ့ ပြန်ကြားရေးကဏ္ဍတွေမှာလည်း အများကြီးပဲ တွဲလုပ်နေပါတယ်။ ဒီဓာတ်ပုံပြပွဲက နှုတ်တစ်ရာ စာတစ်လုံး၊ စာတစ်ထောင် ဓာတ်ပုံတစ်ပုံ ဆိုတဲ့ ဆိုရိုးရှိပါတယ်။ ဒီဓာတ်ပုံ တစ်ပုံက စကား ပြောစရာမလိုဘူး၊ စာရေးပြစရာ မလိုဘူး။ ဓာတ်ပုံ တစ်ပုံက တာသွားပါတယ်။ ဒါ့ကြောင့် ဒီဓာတ်ပုံပြပွဲကို နှစ်နိုင်ငံ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပါတယ်”ဟု ပြောသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling က “ဒီဓာတ်ပုံ ပြပွဲမှာ ပြသမယ့် ဓာတ်ပုံတွေကို တရုတ် ယဉ်ကျေးမှုစင်တာအနေနဲ့ ဓာတ်ပုံတွေကို ရွေးချယ် ဆောင်ရွက် ပေးပါတယ်။ ဒီပြပွဲရဲ့အဓိက အကြောင်းအရာက တရုတ်-မြန်မာ နှစ်နိုင်ငံ သမိုင်း၊ သဘာ၀ရှုခင်း၊ လူနေမှုဘဝပုံစံ၊ အဲဒါတွေကို အဓိက အသား ပေးပြီး ရွေးပေးထား ပါတယ်။ နှစ်နိုင်ငံယှဉ်ပြီး တူတာတွေ၊ မတူတာတွေကို မြန်မာပရိသတ်ကို ချပြခွင့်ရတဲ့ အတွက် စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်။ ဒီပြပွဲမှာ ဓာတ်ပုံပေါင်း ၁၀၀ ဝန်းကျင် လောက် ရှိမယ်။ ဒီဖွင့်ပွဲပြီးရင် တရုတ်ယဉ်ကျေးမှုစင်တာမှာ တစ်လလောက် ပြသဖို့ စိတ်ကူးထားပါတယ်။ တရုတ်သမ္မတကလည်း မကြာမီလာမယ်၊ ဒီနှစ်က တရုတ်- မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်တဲ့ နှစ် (၇၀)ပြည့်နှစ် လည်း ဖြစ်နေတယ်။ သမ္မတလာရင် နေပြည်တော်မှာ တရုတ်-မြန်မာနှစ်နိုင်ငံ ခရီးသွားနှစ် လှုပ်ရှားမှုလေး တစ်ခုလုပ်ဖို့ ရှိတယ်။ ခရီးသွားနှစ်ဆိုတာ နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာဓလေ့တွေကို အခြေခံပြီး နှစ်နိုင်ငံရဲ့ ရှေ့ဆက်သွားရမယ့် ချစ်ကြည်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက် တိုးမြှင့် ဆောင်ရွက် ဖို့ အစလှမ်းလိုက်ခြင်းပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
အဆိုပါဓာတ်ပုံပြပွဲကို တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးတို့ကကြီးမှူး၍ တရုတ်နိုင်ငံခြား ဘာသာရေးရာ ဦးစီးဌာနက ဦးဆောင်ကာ ပြည်သူ့ရုပ်စုံ ဂျာနယ်၊ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာနှင့် ရွှေသံလွင်ကုမ္ပဏီအုပ်စုတို့က စီစဉ်ကျင်းပခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
သတင်း - ရီရီမြင့်