Skip to main content

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားအမှတ် (၁၀၈၁) ဂူဘုရားရှိ နံရံဆေးရေးပန်းချီများအား ကြံ့ခိုင်မှုထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နေ

ညောင်ဦး ဇန်နဝါရီ ၁၆

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ဟောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် (၁၀၈၁) ဂူဘုရားအား ဇန်နဝါရီ ၁၆ရက်နေ့မှစတင်ကာ နံရံဆေးရေးပန်းချီများအား ကြံ့ခိုင်ထိန်းသိမ်းရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစုမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်း က ပြောကြားသည်။

အဆိုပါ ဘုရားအမှတ် (၁၀၈၁) ဂူဘုရားသည် ပုဂံမြို့ ရဲစခန်းအနောက်မြောက်ဘက်၊ မြင်းကပါရွာနှင့် သီရိပစ္စယာရွာအကြား၊ စိမ်းညက်ညီအမဘုရား၏ အနောက်ဘက်တွင်တည်ရှိကာ အေဒီ ၁၃ ရာ စုလက်ရာဟုခန့်မှန်းရကြောင်း အပြင်ပိုင်းတွင် အင်္ဂတေပန်းလက်ရာများဖြင့် တန်ဆာဆင်ထားပြီး အတွင်းပိုင်းတွင် နံရံဆေးရေးပန်းချီများဖြင့် တန်ဆာဆင်ထားကြောင်း သိရသည်။ ကွမ်းတောင်ပေါ်ရှိ နတ်ရုပ်လေးများမှာ မျက်နှာအပါအဝင် ပကတိအကောင်းအတိုင်း လေ့လာနိုင်ပြီး အတွင်းပိုင်းရှိ နံရံဆေးရေးမှာလည်း အရွယ်အစား သေးငယ်သော ငါးရာ့ငါးဆယ် ဇာတ်ကွက်များ၊ ဗုဒ္ဓခြေတော်ရာများဖြင့် ခြယ်မှုန်းထားကာ မြေပလာစတာ (Mud Plaster) အမျိုးအစားဖြစ်ကြောင်း၊ ပုဂံဒေသတွင် နံရံဆေးရေးပန်းချီများရှိသော ဂူဘုရားပေါင်း (၄၀၀) ကျော်ရှိရာ ငါးရာ့ငါးဆယ်ဇာတ်တော်ကို ရေးဆွဲရာတွင် ထိုကဲ့သို့ အရွယ်အစားသေးငယ်စွာ ဖော်ပြရေးဆွဲသော ဘုရားအရေအတွက်နည်းပါးပြီး အဆိုပါဘုရားများမှာ ဘုရားအမှတ်(၁၄၈)၊ ဘုရားအမှတ်(၆၀၀) မောင်းရုံဂူ၊ ဘုရားအမှတ် (၆၆၀)၊ ဘုရားအမှတ် (၇၃၂)၊ ယခု ထိန်းသိမ်းကြံ့ခိုင်ရေး ဆောင်ရွက်နေသော ဘုရားအမှတ် (၁၀၈၁) (7 cm × 7 cm- အရွယ်အစား အငယ်ဆုံး)၊ ဘုရားအမှတ် (၁၄၈၇)စသည့်တို့တွင်လေ့လာနိုင်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်း က ရှင်းပြသည်။

(၂၀၁၆) ခုနှစ်အတွင်း လှုပ်ခတ်ခဲ့သောမြေငလျင်ဒဏ်ကြောင့် အဆောက်အအုံ၏ တိုက်မပိုင်းတွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားခဲ့ကြောင်းနှင့် ငလျင်ဒဏ်ကြောင့် နံရံဆေးရေးပန်းချီအချို့ ထိခိုက်ပြုတ်ကျပျက်စီးခဲ့ရာ ကျန်ရှိသည့် နံရံ ဆေးရေးပန်းချီများနှင့် အင်္ဂတေပန်းများအား ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ညောင်ပင်သတ်ခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းလုပ်ငန်း တို့ကို ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစု၊ ဓာတုဗေဒဌာနစိတ်က ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း  ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်း က ပြောကြားသည်။

ကိုထိန်၊ငါ့သရောက်