Skip to main content

မြန်မာနိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံကြားပညာရပ်များဆိုင်ရာနှီးနှောဖလှယ်ပွဲကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၁၇

မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ တက္ကသိုလ်များ၊ အစိုးရအဖွဲ့အစည်းများကြား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆိုင်ရာ သုတေသနုကွန်ရက်တည်ထောင်ရန်နှင့် အတွေ့အကြုံပညာရပ်များ ဖလှယ်ရန်ရည်ရွယ်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ Hilton Hotel တွင် ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် ဩစတြေးလျနိုင်ငံ University of New South Wales @ Korea Research Institute တို့ပူးပေါင်းကာ"State Capacity for National Development in Myanmar and Korea: Sharing Experiences Between Myanmar-Korea, 2020" အမည်ဖြင့် ကျင်းပခြင်းဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် စက်မှုကဏ္ဍဖွံ့ဖြိုးရေး (မူဝါဒ၊ အငယ်စား၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများအကြောင်း၊ ဈေးကွက်စီးပွားရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍများအကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကြသည်။

မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်က “အခုအခမ်းအနားက မြန်မာနိုင်ငံပညာရေးနဲ့ စီးပွားရေးကဏ္ဍမှာ သုတေသနလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးဖို့နဲ့ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပညာရေးမြှင့်တင်မှု လုပ်ငန်းတွေကို ပိုမိုဆောင်ရွက် နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်လိုအပ်တဲ့ လူ့အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုဆောင်ရွက်နေကြသလဲ၊ ဆက်ပြီးတော့ ဘယ်လို ဆောင်ရွက်ကြမယ်ဆိုတာကို ဝိုင်းဝန်းဆွေးနွေးအဖြေထုတ်ကြမှာပါ"ဟု ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မူဝါဒချမှတ်သူများ၊ ပညာရှင်များ၊ မူဝါဒရေးရာလေ့လာသူများ၊ သုတေသနပညာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းနှင့်ဓာတ်ပုံ-ဟန်လင်းနိုင်၊ ဟိန်းမင်းစိုး