Skip to main content

တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့တွင် ဖွင့်လှစ်သော ဂျပန်ဘာသာစကားပြော သင်တန်းဖွင့်ပွဲသို့ တက်ရောက်

ရွှေဘို  ဇန်နဝါရီ  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ မေတ္တာရိပ်အမျိုးသမီးစောင့်ရှောက်ရေး‌ဂေဟာ သင်တန်းကျောင်းခန်းမတွင် ကျင်းပသော ဂျပန်ဘာသာစကားပြောသင်တန်းဖွင့်ပွဲသို့ ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူမှ ယခု သင်တန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် ZMHAndJP ကုမ္ပဏီတို့ ပူးပေါင်း၍ လူစွမ်းအားအရင်းအမြစ်များကို ဖော်ထုတ်ပြီး ကျွမ်းကျင်လုပ်သား နေထိုင်ခွင့်ပုံစံဖြင့် ဂျပန်နိုင်ငံမှ ခေါ်ယူနေသော လုပ်ငန်းနယ်ပယ် (၁၄)ခုကို သွားရောက်ကာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဂျပန်ဘာသာစကားပြော သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ZMHAndJp ကုမ္ပဏီ၏ ဒါရိုက်တာ Mr.Koichi Hiiro မှ ဂျပန်ဘာသာစကားကို အတူတကွ သင်ကြား၍ မိမိတို့ ဂျပန်နိုင်ငံတွင် လုပ်ငန်းများကိုလည်း စုပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဂျပန်ဘာသာစကားပြော သင်တန်းတွင် N4နှင့် N5ကို ပို့ချသွားပြီး သင်တန်းတစ်ခုကို (၃)လပြတ်ဖြင့် တစ်လလျင် သင်တန်းကြေး သုံးသောင်းနှုန်းဖြင့် သင်ကြားသွားမည် ဖြစ်ကြောင်း ZMHAndJp ကုမ္ပဏီ၏ ဥက္ကဌ ဦးဗညားဇော် ထံမှသိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)