ဖာပွန် ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဖာပွန်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဖာပွန်မြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဖာပွန်ခရိုင်ကလေးစာပေပွဲတော် စာအုပ်ပြပွဲနှင့် စာအုပ်စျေးရောင်းပွဲ ဖွင့်ပွဲအခမ်းအနား ပထမပိုင်း အစီအစဉ်ကို အထက ကျောင်းရှေ့မုခ်ဦးတွင် ကျင်းပရာ ဖာပွန်မြို့ အမှတ်(၄)ရပ်ကွက် အေးသုခ ကျောင်းဆရာတော် မဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တဦးဝါရိန္ဒ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်း၊ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဝင်းနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်း အစီအစဉ်ကို ဖာပွန်မြို့ အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပရာ အထက(ဖာပွန်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကလေးစာပေပွဲ တော်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးများ ငယ်ရွယ်စဉ်ကတည်းက စာဖတ်ချင်စိတ်များဖြစ်ပေါ် လာအောင် ပြုစုပျိုးထောင်ပေးဖို့လိုအပ်ကြောင်း၊ စာဖတ်ရှိန်မြှင့်မာရေး လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်ကို ဖာပွန်ခရိုင်တွင် ဆောင်ရွက်ပေးသည့် အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်းက ကလေးစာပေပွဲတော် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ကလေးစာပေပွဲတော် ဆောင်ရွက်ထားသည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဖာပွန်ခရိုင်အတွင်းရှိ အထကကျောင်း(၄)ကျောင်းရှိ ကျောင်း စာကြည့်တိုက်များအတွက် ငွေကျပ်(၁၀)သိန်းတန်ဖိုးရှိ သုတ၊ ရသစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ရာ အထက ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် အထက(ခွဲ)ကူးဆိပ်ကျောင်း မှ ကျောင်းသား၊ ကျောင်းသူများက တောင်ယာဝင်ချိန် သီချင်းဖြင့်လည်းကောင်း၊ အသင်းတော်အခြေပြု (မူကြို)ကျောင်း ကလေးငယ်များက ကလေးများရဲ့ စာပေပွဲတော် (ပြဇာတ်)ဖြင့်လည်းကောင်း၊ အထက (ဖာပွန်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဖိုးဝရုတ်နပန်းဆံ-သူငယ်တော်ယိမ်း အကဖြင့်လည်းကောင်း၊ အထက(ဖာပွန်)ကျောင်းမှ ကျောင်းသားများက ယဉ်တစ်ကိုယ်မယ် သီချင်းဖြင့်လည်းကောင်း၊ အလက(ခွဲ)-၄ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စည်းလုံးခြင်းအတွက် တေးသီချင်းတစ်ပုဒ်ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးစာပေပွဲတော်အတွင်း ကျင်းပလျက်ရှိသည့် ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကြည့်ရှုအားပေးပြီး အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ များနှင့် ကလေးစာဖတ်ခန်းတွင် စာအုပ်ဖတ်ရှုနေသည့် ကလေးများအတွက် ဆုများနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ ကလေးစာပေပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်များ၊ သိပ္ပံနည်းပညာပြခန်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုပြခန်းများ၊ စာအုပ်ပြခန်းနှင့် ကလေးစာဖတ်ခန်း၊ မှုခင်းပညာပေးပြခန်း၊ နည်းပညာအထက်တန်း ကျောင်း(ဘားအံ)ပြခန်းနှင့် ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များတွင်လည်း လာရောက်လေ့လာ ကြည့်ရှုသူများဖြင့်လည်း စည်ကားလျက်ရှိသည်။
ကလေးစာပေပွဲတော်များကို ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်မြို့များတွင် ကျင်းပပြီး စီးခဲ့ပြီး ယခုကျင်းပသည့် ဖာပွန်ခရိုင် ကလေးစာပေပွဲတော်ကို ဇန်နဝါရီလ(၁၈)ရက်နေ့မှ (၁၉) ရက်နေ့အထိ (၂)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်ဝဏ္ဏ(ပြန်/ဆက်)