ခိုင်ကမ်း ဇန်နဝါရီ ၁၉
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နေ့လယ် (၁)နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်းသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးမှ ပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခြင်းသည် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်တင်းပေးနိုင်ရန်၊ ပြည်သူနှင့် ဌာနဆိုင်ရာများကြား ကြန့်ကြာနေသည့် ကိစ္စရပ်များကို ပူးပေါင်း၍ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံပွဲ ပြုလုပ်ရခြင်းဖြစ်၍ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ၊ မိမိတို့ လုပ်ငန်းဆောင်တာများ ကြန့်ကြာနေခြင်းများ ရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ၊ ဌာနလုပ်ငန်း ဆောင်ရွက်မှုအတွက် လိုအပ်ချက်များ တင်ပြခဲ့ကြရာ ဝန်ကြီးမှ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ မြို့အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူ ၁၅၀ ဦး ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဝုန်လွန်းညောင်