ရန်ကုန် ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံစာရေးဆရာအသင်း ၁၃၈၆ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ငွေကျပ်သိန်း ၁၀၀ နှင့် ၁၂၆ သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်များအား ပေးအပ်လှူဒါန်းသည်။
သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရဝန်ကြီးဦးဌေးအောင်၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကန်တာ့ခံသက်ကြီးစာပေပညာရှင် ဆရာကြီး ဆရာမကြီးများ၊ မြို့နယ်စာရေးဆရာ အသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ထံမှလှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ နှင့် ၁၂၆ သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်များအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က လက်ခံရယူသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် ငွေကျပ် ၂၅ သိန်းအား ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် ငွေကျပ် ၂၇၆ သိန်း အား ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀ အား ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူကလည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှလှူဒါန်းသည့် ငွေကျပ် ၁၀ သိန်းအား ဦးပိုက်ထွေးကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှလှူဒါန်းသည့် ငွေကျပ် ၅ သိန်းအား ဦးခင်မောင်စိုးကလည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် နတ်တော်လဆန်း ၁ ရက်ကို အမျိုးသားစာဆိုတော်နေ့အဖြစ် ၁၃၀၆ ခုနှစ်မှ စတင်သတ်မှတ်ပြီး စာပွဲသဘင်များ ဆင်ယင်ကျင်းပလာခဲ့သည်မှာ ယခု ၁၃၈၆ ခုနှစ်အထိ အကြိမ် ၈၀ ရှိခဲ့ပြီဖြစ်ပါကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှတို့ကလည်း စာပေနှင့်ပတ်သက်ပြီး တန်ဖိုးထားအလေးထားပါကြောင်း၊ (၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) တွင် နိုင်ငံတော်အဆင့်ကျင်းပခဲ့ပြီး စာပေပညာရှင်ကြီးများအား နိုင်ငံတော်ကချီးမြှင့်သလို နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း သီးခြားချီးမြှင့်ပေးခဲ့ပါကြောင်း။
မြန်မာစာပေ လောကသားတို့၏ “စာဆိုတော်နေ့” သည် သုတ၊ ရသရေးရာအဖြာဖြာကို ရေးသားခဲ့ကြသည့် စာရေးဆရာကြီး၊ စာရေးဆရာမကြီး၊ စာပေပညာရှင်ကြီးများ၊ အမြတ်တနိုးတန်ဖိုးထား ဂုဏ်ယူနေကြရသည့် နေ့ထူးနေ့မြတ်ကြီးဖြစ်ပါကြောင်း၊ ယခုလိုအမြတ်တနိုးတန်ဖိုးထားဂုဏ်ယူနေကြသည့် နေ့ထူးနေ့မြတ်ကြီးကို မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးက နှစ်စဉ်ဂုဏ်ပြုအမွှမ်းတင်သည့်အထိမ်းအမှတ်အဖြစ် သက်ကြီးစာပေပညာရှင်ကြီးများကို ပူဇော်ကန်တော့နေခဲ့သည်မှာ ယခုဆိုလျှင် (၃၇) ကြိမ် မြောက်ရှိခဲ့ပြီဟု သိရပါကြောင်း၊ အခက်အခဲအကျပ်အတည်းအမျိုးမျိုးကြားမှ နှစ်စဉ်မပြတ်သက်ကြီးစာပေပညာရှင်ကြီးများကို ပူဇော်ကန်တော့ပွဲကျင်းပပေးနေသည့် မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးသည် စာပေကျေးဇူးအထူးထူးကို ရည်စူးပူဇော်ကန်တော့ပွဲများကျင်းပပေးနေသည့်အတွက် မင်္ဂလာတရားနှင့် ပြည့်စုံနေပါကြောင်း၊ ယခုလိုအစဉ် အလာကောင်းများကို ဆက်လက်ထိန်းကျောင်း မြှင့်တင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က နှုတ်ခွန်းဆက်စကားပြောကြားပြီး အလှူရှင်စာရင်းကို မြန်မာနိုင်ငံစာရေးဆရာအသင်း ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး အမျိုးသားစာပေတစ်သက်တာဆုရဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) က ဖတ်ကြားသည်။
ထို့နောက် ကန်တော့ခံသက်ကြီး စာပေပညာရှင်ကြီးများအား ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများက ကန်တော့ချိုးဖြင့် လက်အုပ်ချီမိုးကန်တော့ကြပြီး ပစ္စည်းနှင့်ငွေများပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ကန်တော့ခံသက်ကြီးစာပေပညာရှင်ကြီးများကိုယ်စား သိပ္ပကျော်စွာဘွဲ့ရစာရေး ဆရာကြီးပါမောက္ခဒေါက်တာ မြသိန်းဟန်ကဩဝါဒစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကန်တော့ခံသက်ကြီး စာပေပညာရှင်ကြီးများနှင့် စာပေပညာရှင်ကြီးများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
ယနေ့တွင် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ငွေသားကျပ်သိန်း ၁၀၀၊ အမျိုးသား ၂၄၁ ဦးအတွက် အင်္ကျီလက်ရှည် (Smart) များ၊ ပုဆိုး (ရွှေလွန်း ပျံ) ၂/၈၀ နှင့် Smart လက်ဆွဲအိတ်များ တန်ဖိုးငွေကျပ် ၁၀၇၀၀၄၀၀ နှင့် အမျိုးသမီး ၃၅ ဦးအတွက် ခြုံပဝါများ၊ ပါတိတ်ဝမ်းဆက်နှင့် Smart လက်ဆွဲအိတ်များ တန်ဖိုးငွေကျပ် ၁၉၆၀၀၀၀၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၂၆၆၀၄၀ဝ အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်သည့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေး အဖွဲ့တို့မှ စာပေပညာရှင်များကို ဉာဏ်ပူဇော်ခများချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စာပေပညာရှင်ကြီးများအနေဖြင့် ပြည်သူလူထုအဆိပ်အတောက်ဖြစ်စေမည့် ညစ်ညမ်းစာပေများပပျောက်သွားရန် ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ နည်းပညာခေတ်ဖြစ်သည့်အတွက် စာအုပ်စာပေများကိုလည်း ခေတ်စနစ်နှင့်အညီ ဖုန်း၊ ကွန်ပျူတာများမှတစ်ဆင့် ဖတ်ရှုနိုင်ရေး ချိတ်ဆက်ရန်လိုအပ်ပါကြောင်း၊ လူငယ်များ စာကောင်းပေမွန်များဖတ်ရှုပြီး လမ်းမှန်ရောက်အောင် စာပေဖြင့် စာပေပညာရှင်ကြီးများက ဝိုင်းဝန်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဉာဏ်ပူဇော်ခများနှင့် ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များအား အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ စာပေဗိမာန် စာမူဆုရွေးချယ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများက နိုင်ငံတော်နှင့် စာပေလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်