Skip to main content

လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနှင့်မြန်မာ့သမိုင်း

မြန်မာ့သမိုင်းပညာရှင် အကျော်အမော်တစ်ဦးဖြစ်သူ ပါမောက္ခဒေါက်တာသန်းထွန်း မိန့်ဖူးသည့် “သမိုင်းသင်တာ မအအောင်လို့" ဆိုသည့်စကားသည် သမိုင်းဘာသာရပ်နှင့် ဝေးသူများအတွက် များစွာတာသွားပြီး မြန်မာပြည်သူတို့အကြား လူသိများ ထင်ရှားသည့် စကားစု ဖြစ်ပါသည်။

မြန်မာလူမျိုးတို့ မအဖို့ရာ ကမ္ဘာ့သမိုင်းကို နားလည်ဖို့လိုသလို မြန်မာ့သမိုင်းကို ကျကျနန ဂဃနဏ သိဖို့လိုအပ်ပါသည်။ မျက်မှောက်ခေတ်ကို မျက်ခြည်ပြတ်လို့မရသလို အတိတ်ခေတ်သမိုင်းတို့ကိုလည်း မှန်မှန်ကန်ကန် သိမြင်ကြဖို့လိုပါမည်။

ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ပညာရေးစနစ်များတွင်လည်း ကမ္ဘာ့သမိုင်းကို လေ့လာရသလို ၎င်းတို့ ဆိုင်ရာဆိုင်ရာ နိုင်ငံနှင့်လူမျိုးတို့၏ သမိုင်းများကို သင်ကြားကြရသည်။ အမှန်တော့ ကျောင်းသင်ခန်းစာများတွင်သာမက မိမိတို့၏သမိုင်း၊ ယင်းနှင့်ဆက်စပ်နေသော နိုင်ငံတကာ သမိုင်းစသည်တို့ကို အလျဉ်းသင့်သလိုမှတ်တမ်းတင်ရုပ်ရှင်များ၊ ဇာတ်လမ်းရုပ်ရှင်များ၊ သမိုင်းကို စိတ်ကူးနှင့် ရက်ဖောက်ဖန်တီးထားသည့် ဝတ္ထုဇာတ်လမ်းများစသည်ဖြင့် မိမိတို့ နိုင်ငံသားများကို သမိုင်းနှင့်  နီးစပ်စေလေ့ရှိသည်။

သမိုင်းထဲက နိုင်ငံသူနိုင်ငံသားတို့ အားကိုးယုံကြည်ခဲ့ကြသော၊ ပြည်သူတို့ မြတ်နိုးလေးစား ကြသော ခေါင်းဆောင်များကို မိမိတို့နိုင်ငံက ထုတ်လုပ်သည့် တံဆိပ်ခေါင်းများ၊ ငွေစက္ကူများ ပေါ်တွင် ပုံနှိပ်ရိုက်ထုတ်ကာ ဂုဏ်ပြုမှတ်တမ်းတင်ကြ၏။ မိမိတို့၏သမိုင်းနှင့် ဆက်စပ် အမှတ်ရကာ ဂုဏ်ယူကြ၏။

မော်စီတုန်း၊ ဟိုချီမင်း၊ လီနင်း ဘင်ဂျမင်ဖရန်ကလင်၊ နေရူး၊  မဟတ္တမဂန္ဒီ၊ အေဗရာလင်ကွန်းအစရှိသည့် ခေါင်းဆောင်တို့၏ ရုပ်ပုံများကို သက်ဆိုင်ရာနိုင်ငံအသီးသီးတို့၏ ငွေစက္ကူများ၊ တံဆိပ်ခေါင်းများပေါ်တွင် တွေ့မြင်ရလေ့ရှိပါသည်။

ဤသို့ဖြင့် ကိုယ့်နိုင်ငံဖြတ်သန်းလာခဲ့သည့် သမိုင်းထဲကဂုဏ်ယူစရာများ၊ သင်ခန်းစာ ယူစရာများတို့နှင့်အတူ မိမိတို့၏ အားသာချက်၊ မိမိတို့၏ အမှားအယွင်း ညံ့ဖျင်းမှုတို့ကိုပါ အမှန်အတိုင်း သိမြင်နားလည်နိုင်ကြပါမည်။ သမိုင်းသည် နိုင်ငံနှင့်လူမျိုးတို့၏ ဇာတိဂုဏ် ဝံသာနု စိတ်ဓာတ်တို့ကို မြှင့်တင်ပေးသည်မှာမှန်၏။ သို့သော်လည်း ယင်းသို့ ဖော်ထုတ်ရာတွင် အမှန်တရားကို အခြေပြုရပါသည်။ ထို့ကြောင့်ပင် သမိုင်းသည် ဘက်မလိုက်၊ ဘယ်သူ့မျက်နှာမှမကြည့်ဟု ဆိုလေ့ရှိပါ၏။ ဘက်လိုက်သည်။ မျက်နှာကြည့်သည်ဆိုလျှင်လည်း အမှန်တရား၏ မျက်နှာ၊ အမှန်တရားဘက်ကိုသာ ကြည့်သည် လိုက်သည်ဟူ၏။

မြန်မာ့သမိုင်းတွင်လည်း ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ ဖက်ဆစ် လက်အောက်ခေတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း အဆက်ဆက်၊ လူတန်းစားအသီးသီး၏ အမျိုးသား လွတ်မြောက် ရေးတိုက်ပွဲများ၊ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ အာဏာရှင်စနစ်ကို အမျိုးမျိုးဆန့်ကျင် ခဲ့ကြသည့် ကျောင်းသားများ၊ ပြည်သူများတို့၏တိုက်ပွဲများ၊ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ၊ တပ်မတော်အစိုးရခေတ်၊ ဒီမိုကရေစီအညွန့် ထွက်ပေါ်လာသည့် ခေတ်၊ တစ်စိတ်တစ်ပိုင်းသော ဒီမိုကရေစီ အစိုးရခေတ် စသည်ဖြင့်ဖြတ်သန်းခဲ့ရသော ခေတ်အသီးသီးတို့ကို နားလည်အောင် ကြိုးစားခြင်းဖြင့် မအသောနိုင်ငံသားတို့ ဖြစ်လာပါမည်။

မြန်မာ့သမိုင်းတွင် “တစ်ခါလာ ကိုလိုနီနယ်ချဲ့၊ တစ်ခါလာ ဖက်ဆစ်တော်လှန်ရေး၊ တစ်ခါလာ အမျိုးသားခေါင်းဆောင်ကြီးများ၊ နိုင်ငံတော်လုပ်ကြံမှု၊ ကျောင်းသားတို့၏ တော်လှန်ရေးများ၊ ပြည်သူ့အရေးတော် ပုံများဟူ၍ တွင်တွင်ဆိုနေသည်၊ တွင်တွင်ပြောနေသည်တို့” တော်သင့်ပြီဟု ပြည်သူတို့ကို အနေစေလိုသူတို့က ဆိုလေ့ရှိ၏။ ထိုသို့ဆိုသူတို့က သမိုင်းကို လျှော့ပေါ့ချင်း သမိုင်းကို ဖုံးကွယ်ချင်၊ သမိုင်းကိုပုံစံပြောင်းချင် စသည်ဖြင့် ကြိုးစားခဲ့ကြသည့် အစဉ်အလာတို့ လည်း ရှိခဲ့ပါသည်။

မကြာလှသေးဟုဆိုရမည့် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ ပြည်တွင်းစစ်သမိုင်း၊ ဒီမိုကရေစီအရေး တော်ပုံသမိုင်းတို့တွင် ဖုံးကွယ်ထားသည်များ၊ ပြင်ဆင်ရေးသားထား သည်များတို့ ရောယှက်နေခြင်းကို ဖြတ်သန်း ခဲ့သူတို့ကိုယ်တိုင် ထုတ်ဖော်ကြသည်တို့ကို သိမြင်နေရပါသည်။ အမှန်တော့ သမိုင်းဆိုသည်မှာ ဖုံးကွယ်လို့ရသည်မဟုတ်။ လှည့်ဖြားပြင်ဆင်ရေးသားလို့ရသည်မဟုတ်။ မည်သို့ပင်ဖုံးကွယ်ဖျောက်ဖျက်ထားသည်ဖြစ်စေ ပြည်သူလူထုက မှတ်တမ်းတင် ဖော်ထုတ်ခြင်းဖြင့် သမိုင်းအမှန်ကိုရမည် ဖြစ်ပါသည်။

မြန်မာ့လွတ်လပ်ရေးသမိုင်းမှသည် ပြည်သူတို့၏ ခေတ်အဆက်ဆက် လှုပ်ရှားမှုအဖုံဖုံတို့ မှန်မှန်ကန်ကန် စနစ်တကျ မှတ်တမ်းရေးသားပြုစုရင်း  မြန်မာ့လွတ်လပ်ရေး၊ မြန်မာ့ဒီမိုကရေစီရေး အရေးတော်ပုံများကို ဂုဏ်ပြုသင့်ပါကြောင်း (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အဖြစ် တင်ပြလိုက်ရပါသည်။