လူသည်ဆက်ဆံရေးသတ္တဝါဖြစ်သည်။ ဆက်ဆံရေးနှင့်ကင်းသော လူသားဟူ၍မရှိပေ။ ကျွန်ုပ်တို့၏ဘဝများသည် တစ်ဦးနှင့်တစ်ဦးဆက်ဆံမှုရှိ၍သာ ရှင်သန်နေခြင်းဖြစ်သည်။ လူအချင်းချင်း ဆက်ဆံရေးတွင် ရှုပ်ထွေးပွေလီမှု များစွာရှိသည်။ သို့သော် လူအချင်းချင်းဆက်ဆံခြင်းမှသည် ကောင်းကျိုးများကို ဆောင်ကြဉ်းနိုင်အောင် ကြိုးပမ်းအားထုတ်နေရသည်။
လူအချင်းချင်းဆက်ဆံရေး၌ မြန်မာတို့သည် ရှေးအစဉ်အဆက် ဆက်ဆံရေးကောင်းမွန်ကြသူများဟု အသိအမှတ်ပြုထားသည်။ သူစိမ်းတစ်ရံဆံကိုပင် ဆွေမျိုးကဲ့သို့ပင် သဘောထားကြသည်။ မြန်မာစကား၌ ဆွေမျိုးပေါက်ဖော်ဟူသော ဝေါဟာရရှိသည်။ ထိုစကားသည် မြန်မာတို့၏ အသုံးအနှုန်းစကားဖြစ်သည်။ ဆွေမျိုးပေါက်ဖော်ဆိုသည်မှာ ဆွေမျိုးကဲ့သို့ပေါက်ဖွားလာသော အပေါင်းအဖော်(မိတ်ဆွေ)ကို ဆိုလိုခြင်း ဖြစ်သည်။ တစ်အူထုံဆင်းညီရင်းအစ်ကိုသဘော အဓိပ္ပာယ်လည်းရသည်။
အဆိုပါ ဆွေမျိုးပေါက်ဖော်ဟူသောဝေါဟာရကို မြန်မာ - တရုတ် နှစ်နိုင်ငံပြည်သူအချင်းချင်း ဆက်ဆံရေးတွင် အထူးပြုကြသည်။ မြန်မာတရုတ် နှစ်နိုင်ငံအစိုးရများ၊ ပြည်သူများသည် ရှေးပဝေသဏီကာလမှစ၍ ယနေ့ထက်တိုင် ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံလာခဲ့ကြသဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးမှာ သမိုင်းရှည်လျားစွာဖြစ်တည်နေသည်။ ပျူခေတ်ကာလမှသည် ယနေ့ထက်တိုင်အောင် မမေ့နိုင်သော ဆက်ဆံရေးမှတ်တိုင်များရှိသည်။
အေဒီ ၄ ရာစုတွင် စီချွမ် - ယူနန် - မြန်မာ - အိန္ဒိယကိုဖြတ်သန်းပြီး ရွှေလမ်းငွေလမ်း ဖောက်လုပ်ကာ နိုင်ငံအချင်းချင်း ကုန်သွယ်မှုဆက်ဆံရေးကို ပြုလုပ်နိုင်ခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၊ နှစ်နိုင်ငံပြည်သူများသည် အပြန်အလှန်ထိတွေ့ဆက်ဆံနိုင်ခဲ့ကြပြီး နှစ်နိုင်ငံအကျိုးစီးပွားကို ဖော်ဆောင်နိုင်ခဲ့ကြသည်။ သာယာလှပပြီး ရေမြေသဘာဝကောင်းမွန်သော ပတ်ဝန်းကျင်များ၊ အရောင်အသွေး စုံလင်လှပသည့် ယဉ်ကျေးမှုအခင်း အကျင်းများ၊ ရိုးသားကြိုးစားပြီး လှိုက်လှဲပျူငှာဖော်ရွေသော မြန်မာပြည်သူများမှာ မမေ့နိုင်ဖွယ်များဖြစ်သည်။
မြန်မာ - တရုတ် ဆက်ဆံရေးသမိုင်းတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ချစ်ကြည်ရေး သွားရောက်ခဲ့ကြသည်။ တရုတ် - မြန်မာ နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကိုအဆိုပြု၍ လက်တွေ့ကျင့်သုံးခဲ့ကြသည်။ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ထောက်ခံအားပေးမှုများကို အစဉ်တစိုက် ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံကြီး၊ နိုင်ငံငယ်အကြားတန်းတူ ညီမျှစွာဆက်ဆံရေး၊ အပြန်အလှန် အကျိုးဖြစ်ထွန်းရေး၊ အတူတကွ အကျိုးဖြစ်ထွန်းရေးဟူသည့် စံနမူနာများကို တည်ဆောက်ခဲ့ရာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံပြည်သူအချင်းချင်း ဆက်ဆံရေးတွင် စီးပွားရေးအပြန်အလှန် ဖြည့်ဆည်းရေးသည် အဓိကအချက်ဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ကုန်သွယ်မှု ပမာဏအကြီးဆုံးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ အရေးအပါဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် ပထမ ၁၁ လပိုင်းတွင် နှစ်ဖက်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံရှိခဲ့သည်။ အဓိကမှာ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး စသည့်ကဏ္ဍပေါင်းစုံဖြစ်သည်။
မျက်မှောက်ကာလတွင် မြန်မာ - တရုတ် နှစ်နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် မြင့်မားတိုးတက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ နှစ်နိုင်ငံပြည်သူအချင်းချင်း၊ နှစ်နိုင်ငံအဖွဲ့အစည်းအချင်းချင်း၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဆောင်ရွက်နိုင်သောကြောင့် အကျိုးရလဒ်ကောင်းများရှိနေသည်မှာ အမှန်ဖြစ်သည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင် တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေပြီဖြစ်ရာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရလဒ်ကောင်းများ ထပ်မံပေါ်ထွက်လာမည် ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာ - တရုတ် နှစ်နိုင်ငံဆက်ဆံရေးတွင် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးသည် ပိုမိုတိုးတက်ခိုင်မြဲနေပြီဖြစ်၍ နှစ်နိုင်ငံအကျိုးစီးပွားများ တိုးတက်ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။